Homeမြန်မာသတင်း
ကိုဗစ်-၁၉ကြောင့် အလုပ်အကိုင်ရှားပါးမှုပိုဆိုးလာနိုင်ဟု အလုပ်သမားအရေးလှုပ်ရှားသူများသုံးသပ်
ကိုဗစ်-၁၉ကြောင့် အလုပ်အကိုင်ရှားပါးမှုပိုဆိုးလာနိုင်ဟု အလုပ်သမားအရေးလှုပ်ရှားသူများသုံးသပ်
DVB
·
June 1, 2020
ကိုဗစ်-၁၉ ရောဂါ အခြေအနေတွေကြောင့် မြန်မာပြည်တွင်းအလုပ်အကိုင်ရှားပါးမှုဟာ အရင်ထက် ဆိုးဆိုးရွားရွား ကြုံလာနိုင်ဖွယ်ရှိတယ်လို့ ပြည်ပအလုပ်သမားအရေး လှုပ်ရှားသူတချို့က သုံးသပ်ပါတယ်။
လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာရော၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအပြီး နောက်ကာလတွေမှာပါ မြန်မာပြည်တွင်း အလုပ်အကိုင်ရှားပါးမှုက အရင်ကထက် ဆိုးဆိုးရွားရွား ကြုံလာနိုင်ဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးတာဝန်ခံ ဦးအောင်ကျော်မြင့်က ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေတွေကြောင့် ပြည်ပနိုင်ငံအ အသီးသီးကနေ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ရှိနေပါတယ်။
အလားတူပြည်တွင်းမှာလည်း စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနတွေ ပိတ်သိမ်းတာ၊ အလုပ်သမားအင်အား လျှော့ချတာတွေကြောင့် အလုပ်လက်မဲ့ဖြစ်လာတဲ့ အလုပ်သမားတွေလည်း တိုးမြင့်လာပြီး ဒီအလုပ်သမားတွေ အလုပ်အကိုင်ရရှိဖို့ အတော်လေး မလွယ်ကူတဲ့ အနေအထားဖြစ်နေတယ်လို့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားတဦးကပြောပါတယ်။
ပြည်ပက ပြန်လာသူနဲ့ ပြည်တွင်းရှိ လက်မဲ့အလုပ်သမားတွေအတွက် အစိုးရအနေနဲ့ အလုပ်အကိုင်ရရှိရေး ရေရှည်အစီအစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုပြီလို့ အကြံပြုတာတွေလည်း ရှိနေပါတယ်။
အရင်ကတည်းက လုပ်ခလစာနည်းပါးတာ၊ ပြည်တွင်းအလုပ်အကိုင်ရှားပါးတာတွေကြောင့် မြန်မာပြည်တွင်းရှိ လူငယ်လူလတ်ပိုင်း လုပ်သား ၅ သန်းကျော်လောက်က ပြည်ပနိုင်ငံအသီးသီးကို ရွှေ့ပြောင်းလုပ်ကိုင်နေတာပါ။
ဒါပေမဲ့ လက်ရှိကမ္ဘာ့နိုင်ငံတွေရဲ့ ကိုဗစ်- ၁၉ ကပ်ရောဂါ အခြေအနေတွေကြောင့် မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားဦးရေ သိန်းချီရှိနိုင်မယ်လို့ ပြည်ပအလုပ်သမားအရေးလူပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။
ဇာခြည်