အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ၈ နှစ်သမီးအချက်အပြုတ်မင်းသမီးလေး(ရုပ်သံ)
DVB
·
June 1, 2020
အသက် ၈ နှစ်အရွယ်သာ ရှိသေးပေမယ့် ဟင်းအမျိုးအစား အစုံချက်ပြုတ်နိုင်တဲ့ သမီး ငယ်လေးတယောက်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။
သူကတော့ သိပ်မကြာခင်ကမှ အိမ်ထောင်ရှင် မယ်စကြဝဠာအလှမယ်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အလှမယ် ဟန်နီချိုရဲ့ သမီးငယ်လေး မိုးမြင့်မေသူ ဖြစ်ပါတယ်။
မိခင်ဖြစ်တဲ့ ဟန်နီချိုဟာ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် အိမ်ထောင်ရှင်မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အနေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အလှမယ်သရဖူကို ဆွတ်ခူးရရှိခဲ့တာပါ။
ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု အလှမယ်ပေါင်း ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒီပြိုင်ပွဲရဲ့ Talent Competition မှာတော့ မြန်မာအလှမယ် ဟန်နီချိုက မြန်မာ အကနဲ့ ရုပ်သေး ကြိုးဆွဲကို ပေါင်းစပ်ပြီး သူ့ရဲ့ သမီးလေးနဲ့အတူ ကပြယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ခုလတ်တလော ကိုဗစ်-၁၉ ကပ်ကာလမှာတော့ ချစ်စဖွယ်သမီးလေးရဲ့ ဟင်းချက်စွမ်းရည်ကို ပြသတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို မျှဝေခဲ့ရာမှတဆင့် အင်တာနက်စာမျက်နှာတွေပေါ် နာမည်ကြီးလာ ခဲ့တာပါ။
သမီးငယ်လေးဟာ လက်ရှိမှာတော့ Little Chef ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခု ဖွင့်ထားခဲ့ပြီဖြစ်ပါတယ်။
သီးစုံပဲကုလားဟင်း၊ နို့စိမ်းခေါက်ဆွဲ၊ ငါးရှဉ့်ဆီပြန်၊ ကြာဆံချက်၊ အမဲသားနှပ်၊ ပုစွန်ထုပ်ဆီ ပြန် စတဲ့ ဟင်းတွေကို တဆင့်ချင်း နောက်ခံစကားပြောအသံနဲ့ သူ့ရဲ့ ချစ်စဖွယ် လှုပ်ရှားမှုတွေနဲ့ ချက်ပြုတ်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေဟာ နာမည်ကြီးနေခဲ့ကာ အွန်လိုင်းပေါ်မှာ အော်ဒါတင်ရောင်း ချမှုတွေလည်း လုပ်ဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘုန်းဘုန်းတွေအတွက် နေ့ဆွမ်းကပ်ဖို့ ကြက်သား ကာလသားဟင်းချက်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကတော့ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။