Home
မြန်မာသတင်း
မန္တလေး မဟာအောင်မြေကျောက်ဝိုင်း ဇွန်လလယ်ထိ ဆက်ပိတ်ထားရန် တိုင်းအစိုးရ ညွှန်ကြား
DVB
·
June 1, 2020
တစ်နေ့ကို လူဦးရေ သောင်းချီ အဝင်အထွက်ရှိတဲ့ မန္တလေး မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းကို ဇွန်လလယ်ထိ ပိတ်ထားဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။  မန္တလေးမြို့က ကျောက်ဝိုင်းကို ဇွန်လ ၆ ရက်နေ့ ဖွင့်ခွင့်ရဖို့ ကျောက်ဝိုင်း အကျိုးတော်ဆောင်အဖွဲ့က  တိုင်းအစိုးရအဖွဲ့ နဲ့ မြို့တော်ဝန်စီကို တင်ပြထားတာပါ။  ဒီလိုတင်ပြထားပေမယ့် ကိုဗစ်-၁၉ ရောဂါကူးစပ်ပြန့်ပွားမှုမဖြစ်စေဖို့အတွက် ဇွန် ၁၅ ရက်နေ့အထိ ယာယီပိတ်ထားဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကစာထုတ်ခဲ့ပါတယ်။  ကျောက်ဝိုင်းကို ယာယီကန့်သတ်ထားဦးမှာဖြစ်ပြီး ကျောက်ဝိုင်းအကျိုးတော်ဆောင်အဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်တာတွေ လုပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး  ဦးဇာနည်အောင်က ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတာကြောင့် မတ်လ ၂၄ ရက်နေ့က စတင်ကာ ယာယီ ပိတ်လိုက်တာဖြစ်ပြီး ကျောက်ဝိုင်းပြန်ဖွင့်ရင် စနစ်တကျစိစစ်နိုင်ဖို့ ကျောက်သမားတွေကို မေလ ၂၉ ရက်နေ့က စပြီး ကျောက်ဝိုင်းဝင်ခွင်ကတ်တွေ လုပ်ပေးနေပါတယ်။ ကျောက်ဝိုင်း ပိတ်ရက်ကြာလာပြီး စားဝတ်နေရေး စီးပွားရေး ထိလိုက်လာတာတွေကြောင့် ကျောက်သမားတွေအနေနဲ့ နေအိမ်တွေ၊ ကျောက်ဝိုင်းအနီးက လမ်းတွေမှာ ပျံကျပုံစံရောင်းဝယ်တာတွေ လုပ်နေကြပြီး ဒီလိုရောင်းဝယ်နေကြတာဟာ အန္တရာယ်များတယ်လို့ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ တာဝန်ရှိသူ  ဦးကျော်ဦးက ပြောပါတယ်။ ကျောက်ဝိုင်းမှာ ပျံကျတန်း၊ အပွင့်တန်း၊ လက်ကောက်တန်း၊ လွှာချပ်တန်း ဆိုပြီးရှိကာ  အတွင်းဆိုင်ခန်းပေါင်း ၁ ထောင်ကျော်နဲ့ အပြင်ပျံကျဆိုင်ခန်းပေါင်း ၆၀၀ ကျော်ရှိပါတယ်။ နိုင်လင်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024