မောင်တောမြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၈၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားဖမ်းဆီးရမိ
DVB
·
June 1, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က နေအိမ်တအိမ်မှာ မေလ ၃၁ ရက်နေ့က ကျပ်သိန်းပေါင်း ၄၈၇၅၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားပေါင်း ၂၄ သိန်းကျော်နဲ့ အတူ ပစ္စတိုသေနတ် တစ်လက်ပါ ဖမ်းမိတယ်လို့ မောင်တောမြို့နယ် ရဲစခန်းက သိရပါတယ်။
မောင်တောမြို့အခြေစိုက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆)နဲ့ ပူးပေါင်းအဖွဲ့က မနေ့မနက် ၉ နာရီကျော်လောက်က မောင်တောမြို့နယ်တောင်ပိုင်းရှိ ကန်သာယာ (အထက်)ကျေးရွာနေ ဦးမောင်ရွှေသိန်းရဲ့နေအိမ်ကို သတင်းအရ ရှောင်တခင်ဝင်ရောက်ရှာဖွေစဉ် စိတ်ကြွဆေးပြားတွေနဲ့ ပစ္စတိုသေနတ် ဖမ်းဆီးရမိခဲ့တာပါ။
မောင်တောမြို့နယ်ရဲစခန်း တာဝန်ရှိ ရဲအရာရှိတစ်ဦးက "ကံသာယာရွာက ဦးမောင်ရွှေသိန်း နေအိမ်ကဖမ်းမိတာ။ WYနဲ့ R စာတမ်းပါ ဆေးပြားကသိန်း ၂၀ကျော် တယ်။ နောက် ပစ္စတိုသေနတ် တစ်လက်နဲ့ ငွေကျပ် ၄၉ သိန်း၊ ကား နှစ်စီး၊ ဆိုင်ကယ် တစ် စီး သူမိန်းမနဲ့ သူနေအိမ်မှာ ရောက်နေတဲ့ လူ ၅ ဦးကိုပါဖမ်းဆီးနိုင်ခဲ့တယ်။ ဦးမောင်ရွှေသိန်းက ထွက်ပြေးလွတ်မြောက်နေသေးတယ်။ သူ့ကိုဖမ်းမိဖို့ကြိုးစားနေတယ်။"လို့ ပြောပါတယ်။
ဦးမောင်ရွှေသိန်း နေအိမ်မှာ ရပ်ထားတဲ့ YGN/9P-5603 နံပါတ်ပါ FORLAND ကားပေါ်မှာ အဝါရောင်ဆာလာအိတ်(၁၈) အိတ်နဲ့ထည့်ထားတဲ့ စိတ်ကြွဆေးပြားပေါင်း ၂၄၃၇၅၀၀ ပြား၊ ကာလတန်ဖိုး ငွေကျပ် သိန်း ၄၈၇၅၀ ဖိုး လောက်ဖမ်းမိခဲ့တာလို့လည်း ပြောပါတယ်။
ဒါ့အပြင် နေအိမ်အိပ်ခန်းအတွင်းရှိ ကော်ပုံးအတွင်းမှ Austria နိုင်ငံလုပ် GLOCK အမျိုးအစား ပစ္စတို တစ်လက်နဲ့ ကျည် ၅ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ မသင်္ကာဖွယ်လက်ဝယ်တွေရှိသူတွေဖြစ်တဲ့ ဦးမောင်ရွှေသိန်းရဲ့ဇနီးဒေါ်ဦးမစိန်နဲ့အတူ သူ့ရဲ့ နေအိမ်မှာရောက်နေတဲ့ ကျော်မင်း၊ ဝင်းမြင့်အောင်၊ ချစ်ထူး၊ ကျော်ကျော်နိုင်တို့ ၅ ဦးအပြင် ထွက်ပြေးလွတ်မြောက်နေသူ ဦးမောင်ရွှေသိန်းနဲ့ ကားဒရိုင်ဘာ မောင်နိုင်စိုးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင်လှစ်အရေးယူထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကလည်း မောင်တောမြို့နယ်ဦ မြို့မကညင်တန်း(အလယ်)ကျေးရွာရှိ မူးယစ်တရားခံပြေး နော်ဘီမုလ်ဂျူဟာရ် (ခ)ဇော်ဝင်း ရဲ့နေအိမ်မှာ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ WY စိတ်ကြွရူးသွပ်ဆေးပြားများ ၇၀၉၀၇၀၀ ဖမ်းဆီးရမိခဲ့ပါတယ်။
လင်းလက်