တိုက်စစ်မှူး အီကာဒီကို ယူရိုသန်း ၅၀ ဖြင့် ပီအက်စ်ဂျီအသင်းခေါ်ယူ

704
ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး မျူရိုအီကာဒီကို အပြီးသတ်ခေါ်ယူ နိုင်ခဲ့ပြီဖြစ်ပါ တယ်။
တိုက်စစ်မှူးအတွက် ပီအက်စ်ဂျီအသင်းဟာ ယူရိုသန်း ၅၀ ပေးချေခဲ့ရပြီး အင်တာမီလန် အသင်းဟာ ပြောင်းရွှေ့ကြေးအပြင် အပိုဆုကြေးယူရို ၈ သန်းလည်း ထပ်မံရရှိဖို့ရှိနေပါတယ်။
ပြင်သစ်ကလပ်ကို ၂၀၁၉-၂၀ ရာသီအစပိုင်းကတည်းက အငှားစာချုပ်နဲ့ရောက်ရှိနေတဲ့ အီကာဒီဟာ ပီအက်စ်ဂျီအသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။
အီကာဒီနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ တနင်္ဂနွေနေ့မှာ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး ဒီစာချုပ်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ ပတ်သက်တဲ့ အချက်တချက်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။
စာချုပ်ပါအချက်အလက်အရ ပီအက်စ်ဂျီအနေနဲ့ အီကာဒီကို ဂျူဗင်တပ်စ်အသင်းထံ ရောင်းမယ်ဆိုရင် အင်တာမီလန်အသင်းကို နောက်ထပ် ယူရို ၁၅ သန်း ထပ်မံပေးချေ ရမှာဖြစ်ပါတယ်။
အီကာဒီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းဟာ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ ပြီး ပြီးခဲ့တဲ့ရာသီအတွင်း ၃၁ ပွဲကစားကာ ဂိုး ၂၀ သွင်း၊ ၄ ဂိုးဖန်တီးနိုင်ခဲ့တဲ့ တိုက်စစ်မှူးကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိတယ်လို့ ရေးသားထားပါတယ်။
အင်တာမီလန်အသင်းဘက်ကလည်း အီကာဒီကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့တာကြောင့် အီကာဒီနဲ့အင်တာမီလန်အသင်းတို့ကြားမှာရှိတဲ့ အဆင်မပြေမှုတွေဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ဇနီးသည်ဖြစ်သူ ဝန်ဒါနာရာဟာ ရုပ်သံကနေတဆင့် အင်တာမီလန်အသင်းကစားသမားတွေနဲ့ အုပ်ချုပ်သူတွေ ကို ဝေဖန်ခဲ့ဖူးပါတယ်။
ဒီဝေဖန်မှုကြောင့် အင်တာမီလန်အသင်းဟာ အီကာဒီကို အသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခဲ့ပြီး အသင်းရဲ့ကိုင်တွယ်ဖြေရှင်းပုံကြောင့် ကစားသမားဟာလည်း အသင်းအပေါ် သပိတ်မှောက်ခဲ့ပါတယ်။
အီကာဒီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းဟာ ဝါရင့်တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီကို ရောင်းချဖို့ သေချာသလောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ကစားသမား အီကာဒီဟာ ပီအက်စ်ဂျီအသင်းနဲ့ပထမဆုံး ရာသီမှာတင် လီဂူးဖလားကို ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။