ဖာပွန်ခရိုင်တွင် တပ်မတော်နှင့် ကေအန်ယူ ပစ်ခတ်မှုဖြစ်ပွား
DVB
·
June 1, 2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ တပ်မတော်နဲ့ ကေအန်ယူတို့ မိနစ်အနည်းငယ် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖာပွန်ခရိုင် ကမမောင်းမြိုနယ်ခွဲ ကူးဆိပ်ကျေးရွာ၊ ကူးဆိပ်စခန်းအနောက်ဘက်မှာ မေ ၃၁ ရက် နေ့လယ်ပိုင်းက တပ်မတော်နဲ့ ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
"ခြောက်ပစ်တာပဲ။ လာလာချောင်းလို့ ခြောက်ပစ်တာပဲ။ နည်းနည်းလေးပဲပစ်ပြီး ပြန်ပြေးသွားတယ်။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး" လို့ တာဝန်ရှိသူက ပြောပါတယ်။
မေ ၃၁ နေ့လယ်ပိုင်းကလည်း မိုင်းတစ်လုံး ပေါက်ကွဲခဲ့တဲ့အတွက် ရှာဖွေစားသောက်ရေး အခက်အခဲကြုံနေရတယ်လို့ ကမမောင်းမြိုနယ်ခွဲ၊ ကူးဆိပ်ကျေးရွာ၊ ဦးဘအေးက ပြောပါတယ်။
"နေ့စဉ်လို ဖြစ်နေ့တော့ ရှာဖွေစားသောက်ဖို့ ရွာပြင်တောင် မထွက်ရဲဘူး။ စားသောက်ရေး အခက်အခဲတွေဖြစ်ကုန်ပြီ"လို့ ပြောပါတယ်။
မေ ၃၀ ရက်နေ့ကလည်း ဖာလုံကျေးရွာအုပ်စုမှာ ၅ မိနစ်လောက် ပစ်ခတ်မှုဖြစ်ပွားခဲ့သလို ထော့ကျေးရွာအုပ်စု၊ တပ်စခန်းဟောင်းနားမှာ မိုင်းတစ်လုံးကွဲခဲပါတယ်။
တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် နှစ်ဖက်တင်းမာမှုဖြစ်ပွားပြီး ဒီကနေ့အထိ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။
သတင်း- ရဲမင်းခေါင်