ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းက နှုတ်ဖြင့်သာ သတိပေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 1, 2020
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်အချို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗိုလ်တထောင်စေတီ မြနန်းနွယ် ကျောင်းဆောင်ရွှေ့ပြောင်းမှုနဲ့ ရှင်ဥပဂုတ္တ ဖောင်တော်ရေချပူဇော်ပွဲ အခမ်းအနား ပြုလုပ်မှုနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နှုတ်နဲ့ သတိပေးမှုသာ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က “ဦးဖြိုးမင်းသိန်းကိုလည်း ဒီကနေ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သတိပေးလိုက်တာပေါ့။ ဒီဟာလေးတစ်ခုပါပဲ။ နှုတ်နဲ့ စီအီးစီကနေ သတိပေးတာပါ။ နောင်ဆိုရင် ဗဟိုကချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ ပါတီအနေနဲ့သတိပေးတာ။ CEC အနေနဲ့သတိပေးတာ ဒါပါပဲ”လို့ ပြောပါတယ်။
မေလ ၃၁ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ Video Conferencing ကနေတဆင့် ပြောဆိုခဲ့တာပါ။
တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ဝန်ကြီးချုပ်တွေအားလုံးလည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးကုသရေး ဗဟိုအဖွဲ့က ထုတ်ပြန်တဲ့ အမိန့် ကြေညာချက်၊ ပြည်သူသို့ ပန်ကြားချက်၊ စည်းကမ်းချက် အကြံပြုချက်တွေကို အားလုံး လေးစားနိုင်နာကြဖို့ကိုလည်း ဒေါက်တာဇော်မြင့်မောင်က ပြောဆိုတယ်။
“ပါတီကနေ စီအီးစီ ကနေသတိပေးတာ။ ဝန်ကြီးချုပ်တွေအားလုံး။ ကိုယ့်တိုင်းနဲ့ ပြည်နယ်မှာ ဗဟိုကချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်းလိုက်နာဆောင်ရွက်ကြဖို့။ တည့်တည့်ပြောရရင် ဒါကရန်ကုန်တိုင်းမှာဖြစ်နေတဲ့ ပတ်သက်ပြီး ဒီကနေပြီး ဝန်ကြီးချုပ်တွေကို အသိပေးတာ။ ဝန်ကြီးချုပ်တွေ ဒီ ကိုဗစ်ကာလဟာ ပြည်သူတွေကဝိုင်းဝန်းပြီးတော့ လိုက်နာဆောင်ရွက်လို့အောင်မြင်နေတာ။ အဲ့ဒါကြောင့်မို့လို့ ဗဟိုကချထားတဲ့ စည်းကမ်း၊ အမိန့်ကြေညာချက်၊ ညွှန်ကြားချက်၊ အကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ဒီနေ့အသိပေးတာ”
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ဇနီး ၊ ရန်ကုန်မြို့တော်ဝန်နဲ့ တိုင်းအစိုးရအဖွဲ့ဝင် တချို့ဟာ ကိုဗစ်- ကာလ ဘာသာရေးအခမ်းအနားမကျင်းပဖို့နဲ့ လူ ၅ ဦးထက်ပိုမစုဖို့ ချမှတ်ထားတဲ့ အမိန့်ကို ချိုးဖောက်ပြီး မေလ ၂၄ ရက်က ဗိုလ်တထောင်ဘုရားမှာ ဘာသာရေးပွဲတခု ကျင်းပခဲ့တဲ့အတွက် လူမှုကွန်ရက်မှာ အများပြည်သူတွေရဲ့ ဝေဖန်မှုတွေမြင့်တက်ခဲ့တာပါ။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ပွဲတော်ကျင်းပခဲ့တာမရှိကြောင်းနဲ့ ဥပဒေမဲ့ ဆောင်ရွက်ခဲ့တာမရှိဘူးလို့ ဒီဗွီဘီကို ပြောထားပါတယ်။
ပြည်ထောင်စုအစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းချက်ပေးဖို့ တောင်းခံထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။