လူနာအမှတ် ၁၈၉ ကို ဒုတိယအကြိမ်ဓာတ်ခွဲစစ်ဆေး၊ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
May 31, 2020
မကွေးတိုင်း၊ သင်ကြားရေးဆေးရုံကြီးမှာ ကုသပေးနေတဲ့ မလေးရှားပြန် လူနာအမှတ် ၁၈၉ ကို မေ ၃၁ ရက်နေ့က ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
လူနာအမှတ် ၁၈၉ ဟာ ချင်းပြည်နယ် ထန်တလန်က လူနာအမှတ် ၁၈၂ နဲ့ လေယာဉ်အတူစီးကာ မလေးရှားနိုင်ငံက ပြန်လာတာဖြစ်ပြီး မေ ၁၉ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက ပြောပါတယ်။
“သင်ကြားရေးဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ သီးခြားကုသပေးနေတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ မေလ ၃၁ ရက်နေ့က Negative အဖြေထွက်ခဲ့ပါတယ်။ လူနာရဲ့ လည်ချောင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ ထပ်မံရယူပြီး တတိယအကြိမ် ထပ်မံဓာတ်ခွဲစစ်ဆေးလို့ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရင် ဆေးရုံကဆင်းခွင့်ရမှာပါ။ ဆေးရုံကဆင်းတဲ့ သူတွေကိုတော့ သတ်မှတ်ထားတဲ့ Quarantine စင်တာမှာ ၇ ရက်၊ နေအိမ်မှာ ၇ ရက်နေထိုင်ပြီးမှ ရောဂါပိုး ကင်းစင်သူအဖြစ် အသိမှတ်ပြုမှာပါ။”
လူနာနဲ့ အတူပြန်လာသူ ၇ ဦးနဲ့ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းတွေကို ဓာခွဲနမူနာပေးပို့ စစ်ဆေးခဲ့ရာမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘူးလို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်း ပြည်သူ့ဆေးရုံတွေမှာ စောင့်ကြည့်လူနာ ၁၄ ဦးရှိတဲ့ အနက် ၁၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘဲ နှစ်ဦးကိုတော့ ဓာတ်ခွဲနမူနာ ပေးပို့ထားတယ်လို့ ဒေါက်တာ ခင်မောင်သန်းက ပြောပါတယ်။
မကွေးတိုင်းမှာ ပြည်ပကနေ ပြန်ဝင်လာသူ ၅၀၀၀ လောက်နဲ့ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ ပြည်ပကပြန်ဝင်လာသူ ၁၀၀၀၀ ကျော်လောက်ကို Facility Quarantine ပြုလုပ်ပေးထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မင်းထီး