Homeမြန်မာသတင်း
ပြိုကျခဲ့သည့် လေးထပ်တိုက်နေသူများကို စမ်းချောင်း အ.ထ.က ၃ တွင် ယာယီနေထိုင်ရန် စီစဉ်ပေး
ပြိုကျခဲ့သည့် လေးထပ်တိုက်နေသူများကို စမ်းချောင်း အ.ထ.က ၃ တွင် ယာယီနေထိုင်ရန် စီစဉ်ပေး
DVB
·
May 31, 2020
စမ်းချောင်းမြို့နယ်၊ နန္ဒဝန်လမ်းမှာ ပြိုကျမှုဖြစ်ခဲ့တဲ့ လေးထပ်တိုက်နေ ပြည်သူတွေကို မြို့နယ် အ.ထ.က ၃ ကျောင်းမှာ ယာယီနေထိုင်ဖို့ စီစဉ်ပေးထားပါတယ်။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ မေလ ၃၀ ရက်နေ့ ည ၈ နာရီ ၅၅ အချိန်လောက် စမ်းချောင်းတောင်ရပ်ကွက်၊ နန္ဒဝန်လမ်းအိမ်အမှတ် (၂၈) လေးထပ်တိုက်ပြိုကျမှု ဖြစ်ပွားခဲ့တာပါ။
စမ်းချောင်းမြို့နယ် မီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေး ယာဉ် ၁ စီးနဲ့ လှိုင်မီးသတ်တပ်ဖွဲ့မှ ယာဉ် ၁ စီးရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီတိုက်နေ မိသားစုတွေကို စမ်းချောင်းမြို့နယ် အ.ထ.က ၃ ကျောင်းမှာ ယာယီနေထိုင်ဖို့ စီစဉ်ပေးထားပြီး ဒီနေ့မနက်မှာတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြိုကျသွားတဲ့ တိုက်မှာ နေထိုင်သူတွေရဲ့ပစ္စည်းတွေကိုသယ်ယူရွှေ့ပြောင်းဖို့ကားနဲ့ အကူအညီပေးနေပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဲဒီတိုက်ကို အန္တရာယ်ရှိ အဆောက်အဦအဖြစ် စည်ပင်သာယာကို တင်ထားခဲ့ပြီး စည်ပင်သာယာက အကြီးစားပြင်ဆင်ခွင့်ချပေးကြောင်း ရပ်ကွက်တွေထဲမှာလည်း နှစ်ကြာနေတဲ့ တိုက်တွေရှိပြီး ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ပြောပါတယ်။
တိုက်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတော့မရှိခဲ့ပါဘူး။ ပြိုကျခဲ့တဲ့တိုက်မှာ အိမ်ထောင်စုပေါင်း ၁၅ စု၊ လူဦးရေ စုစုပေါင်း ၆၈ ဦးရှိပါတယ်။
ယာယီနေထိုင်ဖို့ အရေးပေါ်စီစဉ်ပေးခဲ့ရာမှာတော့ အိမ်ထောင်စု ၇ စု၊ လူဦးရေ ၃၁ ဦးက လက်ခံခဲ့ပြီး ကျန်သူတွေက မိမိအစီအစဉ်နဲ့ပြောင်းရွှေ့ခဲ့ကြပါတယ်။
ပြိုကျခဲ့တဲ့ အကြောင်းအရင်းကို သက်ဆိုင်ရာဌာနက ဆန်းစစ်နေပြီး အဲဒီတိုက်ဟာ ၁၉၈၉ ဝန်းကျင်က ဆောက်ထားတယ်လို့ သိရပါတယ်။
ခင်ငြိမ်းချမ်း