ယူအေအီးက ပြန်လာသူ ၁၃၇ ဦး နှစ်ကြိမ်ဆက် ပိုးမတွေ့သဖြင့် နေရပ်ပြန်မည်
ညီငယ်
·
May 31, 2020
ပိုးတွေ့လူနာ ၈ ယောက်ရှိခဲ့တဲ့ ယူအေအီးပြန် ၁၄၈ ယောက်ထဲက ၁၃၇ ယောက်ဟာ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့တာကြောင့် ဇွန် ၁ ရက်နေ့ နေရပ်အသီးသီးကိုပြန်ကြမယ်လို့ ယူအေအီးပြန်တွေက ဒီဗွီဘီကို ပြောပါတယ်။
မတ်လ ၁၀ ရက်နေ့က ယူအေအီးက ပြန်လာတဲ့ မြန်မာ ၁၄၈ ယောက်ထဲက ၁၂၀ ကို လှိုင်မြို့နယ်နဲ့ ကျန် ၂၈ ယောက်ကို အင်းစိန်မြို့နယ်က ဟိုတယ်တခုမှာ Quarantine ထားရှိတာပါ။
လှိုင်မြို့နယ်မှာ Quarantine ထားတဲ့ ၁၂၀ ထဲက ပိုးတွေ့လူနာ ၂ ဦးကို မေ ၂၀ ရက်နေ့က တွေ့ပြီးနောက် အင်းစိန်မြို့နယ်က ဟိုတယ် Quarantine ဝင်နေသူ ၂၈ ဦးထဲက ပိုးတွေ့လူနာ ၆ ဦးကို မေ ၂၁ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကျန်တဲ့ ၁၄၀ ထဲက ၃ ဦးဟာ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တာကြောင့် Quarantine ဆက်ဝင်ရမှာ ဖြစ်ပါတယ်။
နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့တဲ့ ၁၃၇ ယောက်ကတော့ မြန်မာပြည်ဒေသအသီးသီးက သူတို့နေအိမ်ကို ဇွန် ၁ ရက်နေ့ မနက်ပိုင်း စပြန်မှာဖြစ်ပြီး၊ နေအိမ်အသီးသီးမှာ Home Quarantine တပတ်ဆက်နေရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မေ ၃၁ ရက်နေ့ မနက် ၇ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွေမှာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၃၀ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၇ သိန်းကျော်နဲ့ သေဆုံးသူ ၃ သိန်း ၇ သောင်းကျော်ရှိပြီလို့ သိရပါတယ်။