ဥရောပသွားမည့်လူ ၁၀၁ ဦးတင်လာသည့်လှေ လစ်ဗျား ထိန်းသိမ်း
DVB
·
May 31, 2020
ဥရောပတိုက်ကို သွားဖို့ကြိုးစားနေတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၁၀၁ ဦးကို တင်ဆောင်လာတဲ့ လှေတစီးကို လစ်ဗျားမှာ ကြားဖြတ် ထိန်းသိမ်းခဲ့တယ်လို့ လစ်ဗျားပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီလူတွေဟာ လစ်ဗျားကမ်းခြေမြို့ ဂါရာဘူးလီကနေ ထွက်ခွာဖို့ကြိုးစားခဲ့တာပါ။
မိန်းမတွေနဲ့ ကလေးတွေပါဝင်တဲ့ ဒီရွှေ့ပြောင်းတွေကို ထရီပိုလီမြို့တော် အရှေ့ဘက်က ခွန်းစ်မြို့က စစ်ဆေးရေး ဂိတ်နေရာဆီကို အာဏာပိုင်တွေက ခေါ်ဆောင်သွားပါတယ်။
ဒီရွှေ့ပြောင်းတွေကို နောက်ပိုင်းမှာ ဘတ်စ်ကား နဲ့ ထိန်းသိမ်းရေးစခန်းတခုဆီ ပြောင်းရွှေ့ ပို့ဆောင်မယ်လို့ ထရီပိုလီက လစ်ဗျားအစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။
လစ်ဗျားမှာ ဂဒါဖီအစိုးရ ပြုတ်ကျခဲ့တဲ့ ၂၀၁၁ ကစလို့ ထရီပိုလီအခြေစိုက် အစိုးရနဲ့ လစ်ဗျားအရှေ့ပိုင်းကို ထိန်းချုပ်ထားတဲ့ အစိုးရဆိုပြီး အစိုးရ ၂ ရပ် ရှိနေပါတယ်။
နိုင်ငံရဲ့အနောက်ဘက်ကမ်းဟာ ဥရောပကို ရွှေ့ပြောင်းလိုသူတွေ အဓိက ထွက်ခွာရာနေရာ ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်ကလည်း မြေထဲပင်လယ်ကို နှစ်ရက်ကြာ လှေငါးစီးနဲ့ ဖြတ်ပြီး ဥရောပကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်း ၄၀၀ လောက်ကို လစ်ဗျားကမ်းခြေစောင့်တပ်က တားမြစ်ခဲ့ တယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာအေဂျင်စီကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။