Home
မြန်မာသတင်း
ဝက်လက်မြို့ ရွှေဂူကြီးကျောင်း၌ ထိုင်းကပြန်လာသူ ၄ ဦးထားရှိသဖြင့် ဒေသခံ ၂၀၀ ခန့် ကန့်ကွက်
DVB
·
May 31, 2020
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာ ရွှေဂူကြီးကျောင်းအတွင်းမှာ Quarantine Center ပြုလုပ်ပြီး ထိုင်းနိုင်ငံကပြန်လာသူ ၄ ဦးအား ထားရှိတာကို ၃၀ ရက် ည ၈ နာရီခွဲလောက် ဒေသခံ ၂၀၀ ဝန်းကျင် စုဝေးကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဝက်လက်မြို့ အထက်တန်းကျောင်း Quarantine Center ဟာ ဇွန်လထဲမှာ ပညာရေးဌာနကို ပြန်လည်အပ်နှံရမှာဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့က ပင်းဇင်းကျေးရွာ ရွှေဂူကျောင်းဆရာတော်ဆီကို Quarantine Center ပြုလုပ်ဖို့ လျှောက်ထားပြီး ဆရာတော်ရဲ့ ခွင့်ပြုချက်နဲ့ Center စတင်ပြုလုပ်ကာ ထိုင်းနိုင်ငံက ပြန်ရောက်လာသူ ၄ ယောက် ထားရှိတာကို ဒေသခံတွေက ကန့်ကွက်ခဲ့ကြတာပါ။ ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာသူ ၄ ဦးဟာ ရွှေဘိုမြို့ Quarantine Center ကနေ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိလို့ သက်ဆိုင်ရာမြို့နယ်တွေက Quarantine Center တွေကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားက ပြန်လာသူတွေကို အခုလို ထားရှိမယ့်အပေါ် ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက လူထုကို အသိမပေးတာ၊ ရောဂါပိုးကူးစက်မှာ စိုးရိမ်နေကြတာတွေကြောင့် ဒေသခံတွေက လူစုလူဝေးပြု ကန့်ကွက်တာလို့ သိရပါတယ်။ ည ၉ နာရီခွဲလောက် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ လာရောက်ပြီး ဒေသခံတွေကို ဖျောင်းဖျ ညှိနှိုင်းပေမဲ့ ပြေလည်မှုမရခဲ့တာကြောင့် လူစုလူဝေး ဆက်လက်မဖြစ်ပေါ်ရအောင် ည ၁၀ နာရီခွဲလောက် ထိုင်းကပြန်လာသူ ၄ ဦးကို ပြန်လည်ခေါ်ယူသွားပါတယ်။ အဲဒီ ၄ ဦးကို တညသီးခြားစောင့်ကြည့်မှာဖြစ်ပြီး မြို့နယ် Quarantine Center တခု အမြန်ဆုံး ဆောင်ရွက်ဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။ ကန့်ကွက်သူ ၂၀၀ ကျော်ဟာ ည ၁၀ ခွဲခန့်လောက် လူစုကွဲသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024