ဗစ်တိုးရီးယားအမှု ရဲအရာရှိကြီး ၃ ဦးကို အရေးယူထားဟု ဦးဇော်ဌေးပြော
DVB
·
May 30, 2020
နေပြည်တော် နေ့ကလေးထိန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ရဲအရာရှိကြီး ၃ ဦးကို အရေးယူခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ရာထူးတိုးမြှင့်ခြင်းရပ်ဆိုင်းတဲ့ ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်ပြီး ရဲအရာရှိကြီးတွေရဲ့ နာမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိခဲ့ပါဘူး။
Wisdom Hill ကျောင်းမှာ ကျောင်းတက်နေတဲ့ ဗစ်တိုးရီးယားလေးဟာ ၂၀၁၉ မေလအတွင်းက လိင်အကြမ်းဖက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
နေပြည်တော်မှာရှိတဲ့ Wisdom Hill မူကြိုကျောင်းမှာ ကျောင်းသူလေးတဦး လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတယ်ဆိုတဲ့အပေါ်မှာ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး လူထုကြားမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။
ရဲတပ်ဖွဲ့က တရားခံလို့ ယူဆပြီး တရားစွဲဆိုခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်းကိုလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ တရားရုံးက တရားရှင်ပြန်လွှတ်ပေးခဲ့ပြီး ဗစ်တိုးရီးယားအမှုဖြစ်စဉ်ဟာလည်း လက်ရှိအချိန်ထိ အဖြေမရှာနိုင်ဘဲ ပြီးဆုံးသွားခဲ့ရတာပါ။