Homeမြန်မာသတင်း
အဆိပ်ဓာတ်ပါဝင်နှုန်း မြင့်တက်လာသည့် ဘီးလင်းမြစ်ကို အမြန်ဆုံးပြုပြင်ထိန်းသိမ်းရန် လိုအပ်
အဆိပ်ဓာတ်ပါဝင်နှုန်း မြင့်တက်လာသည့် ဘီးလင်းမြစ်ကို အမြန်ဆုံးပြုပြင်ထိန်းသိမ်းရန် လိုအပ်
DVB
·
May 30, 2020
အဆိပ်ဓာတ်ပါဝင်နှုန်း တဖြည်းဖြည်း မြင့်တက်လာပြီး ရေနေသတ္တဝါပင် ရှင်သန်နေထိုင်ခြင်း မရှိတော့တဲ့ ဘီးလင်းမြစ်ကို အမြန်ဆုံးပြုပြင်ထိန်းသိမ်းသွားဖို့ လိုအပ်နေပြီလို့ မွန်ပြည်နယ် လွှတ်တော်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌက သတိပေးပြောဆိုလိုက်ပါတယ်။
ဘီးလင်းမြစ်ဟာ ကရင်ပြည်နယ် ဖာပွန်ဒေသမှာ မြစ်ဖျားခံပြီး မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တစင်း ဖြစ်ပါတယ်။
အခုအခါ ဘီးလင်းမြစ်ရေ ပျက်စီးလာမှုကြောင့် မြစ်ကြောင်းတလျှောက်မှာ နေထိုင်တဲ့ ကျေးရွာပေါင်း ၂၂ ရွာ၊ လူဦးရေ ၆၅၀၀၀ နဲ့ ကျွဲနွား တိရစ္ဆာန်တို့ဟာ မြစ်ရေအန္တရာယ်ရှိလို့ သောက်သုံးမရတော့တဲ့အပြင် စိုက်ပျိုးရေအဖြစ်လည်း သုံးစွဲလို့မရတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာတော့ ဘီးလင်းမြစ်ရေဟာ အဆိပ်ဓာတ်ပါဝင်မှုနှုန်း တဖြည်းဖြည်း မြင့်တက်လာပြီး ရေနေသတ္တဝါပင် ရှင်သန်နေထိုင်ခြင်း မရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက်ကြောင့် အမြန်ဆုံး ပြုပြင်ထိန်းသိမ်းသွားဖို့ လိုအပ်နေတယ်လို့ မွန်ပြည်နယ် လွှတ်တော် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောပါတယ်။
ဘီးလင်းမြစ်ရေဟာ အထက်မြစ်ဖျားပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ရွှေသတ္တုတူးဖော်မှုမှ စွန့်ပစ်ပစ္စည်းတွေ စနစ်တကျ စွန့်ပစ်ခြင်း မရှိလို့ အခုလို ပျက်စီးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘီးလင်းမြစ်ရေ ပျက်စီးနေမှုကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီက အချိန် ၁ နှစ်အကြာ လေ့လာစိစစ်ပြီးနောက် မေလ ၂၉ ရက်က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
ဒီအစီရင်ခံစာမှာတော့ ဘီးလင်းမြစ်ရေ ပျက်စီးမှုကြောင့် လူမှုဘဝ ထိခိုက်ပျက်စီးလာမှုကို အမြန်ဆုံး ပြုပြင်ထိန်းသိမ်းဖို့ တိုက်တွန်းထားပါတယ်။
ဒါကြောင့် ဘီးလင်းမြစ်ရေ ပျက်စီးလာတဲ့ အခြေအနေကို အစိုးရအနေနဲ့ စုံးစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်းပြီး လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။
ဘီးလင်းမြစ်ရေ ပျက်စီးလာမှုနဲ့အတူ အန္တရာယ်ရှိတဲ့ အခြေအနေကြောင့် ပြီးခဲ့တဲ့နှစ် မေ ၁၉ ရက်နေ့မှာ မွန်ပြည်နယ်အစိုးရအဖွဲ့က ဘီးလင်းမြစ်ရေကို သောက်သုံးခြင်း မပြုလုပ်ကြဖို့ ကြေညာခဲ့ပါတယ်။
ဘီးလင်းမြစ်ရေ ပျက်စီးလာမှုကို သက်ဆိုင်ရာ အစိုးရတွေနဲ့ ကရင်အမျိုးသားအစည်းအရုံးအပြင် ပါဝင်သင့်သူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးမှ လုပ်ဆောင်နိုင်မယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။
ဘီးလင်းမြစ်ရေဟာ လက်ရှိမှာတော့ PH Level မှာ အချဉ်ဓာတ်များနေလာလို့ သောက်သုံးမိရင် ဝမ်းရောဂါဖြစ်နိုင်ပြီး အာဆင်းနစ်ဓာတ် ပါဝင်မှုမှာလည်း တဖြည်းဖြည်း မြင့်တက်လာတဲ့အတွက်ကြောင့် ကြာရှည်သုံးစွဲမိရင် အရေပြားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။
လက်ရှိမှာတော့ ဘီးလင်းမြစ်ဟာ ရွှေသတ္တု တူးဖော်မှုတွေကြောင့် တိမ်ကောလာပြီး နှစ်စဉ် ရေကြီးနစ်မြုပ်မှုဒဏ်ကို ဒေသခံတွေ အလူးအလဲ ခံစားနေရတာပါ။
ဇော်လွင်ထွဋ်