Homeမြန်မာသတင်း
မွန်ပြည်နယ်တွင် ဆိုင်းငံ့နှင့် မှတ်ပုံမတင်ထားသည့် ကုမ္ပဏီ ၂၀ ကို တင်ဒါလုပ်ကိုင်ခွင့်ပေး
မွန်ပြည်နယ်တွင် ဆိုင်းငံ့နှင့် မှတ်ပုံမတင်ထားသည့် ကုမ္ပဏီ ၂၀ ကို တင်ဒါလုပ်ကိုင်ခွင့်ပေး
DVB
·
May 30, 2020
မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနဟာ ဆိုင်းငံ့ကုမ္ပဏီနဲ့ မှတ်ပုံမတင်ထားတဲ့ ကုမ္ပဏီ ၂၀ ကို တင်ဒါလုပ်ကိုင်ခွင့် ပေးအပ်ခဲ့တယ်လို့ မွန်ပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ နှစ်စဉ် ပြည်နယ်ဘတ်ဂျက်ရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးကို ဌာနကိုယ်တိုင် ဆောင်ရွက်တာအပြင် တင်ဒါခေါ်ယူ ဆောင်ရွက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲလို ဆောင်ရွက်ရာမှာ ဆိုင်းငံ့ကုမ္ပဏီနဲ့ မှတ်ပုံမတင်ထားတဲ့ ကုမ္ပဏီ ၂၀ ကို တင်ဒါ လုပ်ကိုင်ခွင့် ပေးအပ်ခဲ့တယ်လို့ မွန်ပြည်နယ် စီမံကိန်းနဲ့ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက လွှတ်တော်မှာ မေးခွန်းမေးမြန်းစဉ် ထုတ်ဖော်ပြောဆိုသွားတာပါ။
မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်ဝင်းကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး တင်ဒါအောင်မြင်ပြီး လုပ်ငန်း ဆောင်ရွက်နေချိန်မှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ ကုမ္ပဏီကို အရေးယူပေးသွားမယ်လို့ ပြောပါတယ်။
မွန်ပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌက အခုလို ဆိုင်းငံ့ကုမ္ပဏီနဲ့ မှတ်ပုံမတင်ထားတဲ့ ကုမ္ပဏီ တင်ဒါအောင်မြင်နေတာဟာ နိုင်ငံတော်ကို အခွန်ထမ်းဆောင်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ များစွာနစ်နာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဒါကြောင့် အခုကိစ္စရပ်မှာ အစိုးရရဲ့ အရေးယူမှုကို စောင့်ကြည့်တာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။