အိန္ဒိယက ပြန်လာသူများထဲမှ ကိုဗစ်-၁၉ လူနာသစ် ၁၇ ဦးတွေ့ရှိ
DVB
·
May 30, 2020
ဓာတ်ခွဲနမူနာ ၆၅၃ ခုအား ဒုတိယအသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၇ ဦးတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။
ဒုတိယအသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၄၉၈ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၀၁ ခုနဲ့ အမှတ် ၁ တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ ၅၄ ခု၊ စုစုပေါင်း ၆၅၃ ခုအား ဒီနေ့မနက်အစောပိုင်း စစ်ဆေးပြီးစီးခဲ့ပြီး လူနာသစ် ၁၇ ဦး တွေ့ရှိခဲ့တာပါ။
ရောဂါပိုးတွေ့ရှိသူတဲ့ အိန္ဒိယက ပြန်လာသူ ၁၇ ဦးဟာ ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့က ဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေမှုမရှိခဲ့ဘဲ အသွားအလာကန့်သတ်ထားသူတွေလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၇ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြုလူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှု ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၃၀ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက မနေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရလည်း ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်နေ မလေးရှားက ပြန်လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲစမ်းသပ် စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
မေ ၂၉ ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၉၆၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၀၁ ခုနဲ့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၄၆ ခု၊ စုစုပေါင်း ၁,၂၁၄ ခုအား စစ်ဆေးခဲ့တာဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၈ ဦး ရှိခဲ့တာလည်း ဖြစ်ပါတယ်။