Homeမြန်မာသတင်း
သဇင်မြိုင်ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ကျေးရွာ ၅ ရွာမှ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေး
သဇင်မြိုင်ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ကျေးရွာ ၅ ရွာမှ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေး
DVB
·
May 29, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား အေအေတပ်ဖွဲ့က ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းတွေ ချီတက်လာတဲ့အတွက် တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်ပြီး ကျေးရွာ ၅ ရွာက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေး နေကြတယ်လို့ သိရပါတယ်။
သဇင်မြိုင်ကျေးရွာမှ ထွက်ပြေးလာတဲ့ ကိုမောင်သိန်းက "တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြလို့ ထွက်ပြေးကြတာပါ။ မနေရဲကြတော့ဘူးလေ၊ မနေ့က တိုက်ပွဲက တော်တော်ပြင်းတယ်။ ဒီနေ့လည်း ဖြစ်လာနိုင်တယ်။ စစ်ကြောင်းတွေ အဆက်မပြတ်တက်လာနေတယ်။ ဒါကြောင့် ထွက်ပြေးကြ ရတာ”လို့ ပြောပါတယ်။
ထွက်ပြေးနေကြတဲ့ ကျေးရွာတွေကတော့ ရသေ့တောင်မြို့နယ်က သဇင်မြိုင်၊ ပိတောက်မြိုင်၊ ချွတ်ပြင်၊ ပြင်ရှည်နဲ့ ဘူးသီးတောင်မြို့နယ်က အောင်ဇေယျ ကျေးရွာတို့ဖြစ်ပြီး အိမ်ထောင်စု စုစုပေါင်း ၃၀၄ စု၊ လူဦးရေ ၂၀၀၀ လောက် ထွက်ပြေးနေရကြတယ်လို့ ဆိုပါတယ်။
ထွက်ပြေးသူတွေဟာ ဘူးသီးတောင်မြို့ပေါ်၊ ရသေ့တောင်မြို့ပေါ်နဲ့ သိမ်တောင်၊ ကျောက်ရံ၊ မော်ထက်၊ စက်ခို၊ စေတီပြင် စတဲ့ ကျေးရွာတွေကို ထွက်ပြေးနေကြတာလို့ သိရပါတယ်။
ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းကို အေအေတပ်ဖွဲ့က မေလ ၂၉ ရက်မနက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ကျဆုံးမှုအချို့ရှိခဲ့ကြောင်း တာဝန်ရှိသူ တဦးက ပြောကြားထားသလို ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ကလေး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
လင်းလက်