နာမည်ကျော်ဗွီဒီယိုဂိမ်းရုပ်ရှင် Sonic The Hedgehog နောက်ဆက်တွဲ ရိုက်ကူးမည်

1.6K
နာမည်ကျော်ဗွီဒီယိုဂိမ်းကို Live Action ရုပ်ရှင်ကားအနေနဲ့ ရိုက်ကူးခဲ့တဲ့ Sonic The Hedgehog ရုပ်ရှင်ကားကို နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ရိုက်ကူးသွားဖို့ ရှိနေပါတယ်။
နာမည်ကြီး အနုပညာမဂ္ဂဇင်းတစောင်ဖြစ်တဲ့ Variety မဂ္ဂဇင်းနဲ့ သီးသန့်အင်တာဗျူးတခုမှာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Paramount Pictures နဲ့ Sega Sammy ဂိမ်းကုမ္ပဏီတို့က ဒီကားရဲ့ နောက်ဆက်တွဲ Sequel ရုပ်ရှင်အနေနဲ့ မကြာခင် ဆက်လက်ရိုက်ကူးသွားဖို့ ရှိနေကြောင်း အတည်ပြု ပြောကြားလိုက်တာပါ။
နာမည်ကျော် Video Game Franchise တခုဖြစ်တဲ့ Sonic The Hedgehog ကို အခြေခံထားတဲ့ ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Jeff Fowler က ရိုက်ကူးပုံ ဖော်ပေးခဲ့တာဖြစ်ပြီး နောက်ဆက်တွဲရုပ်ရှင်မှာလည်း သူကပဲ ဆက်လက်ရိုက်ကူးမယ်လို့ ဆိုပါတယ်။
ဒီဇာတ်လမ်းကျောရိုးကတော့ အားလုံး သိကြပြီးတဲ့အတိုင်း တခြားဂြိုဟ်တခုကနေ ကမ္ဘာမြေဆီ ရောက်လာခဲ့တဲ့ အပြာရောင်ကောင်လေး Sonic ဟာ ကမ္ဘာမှာ အသားကျအောင် လုပ်ဆောင်နေရချိန်မှာပဲ အင်အားပြင်းတဲ့ လျှပ်စစ်ပြတ်တောက်မှုကြီးတခုကို မတော်တဆ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီပါဝါကို အသုံးချပြီး ကမ္ဘာကြီးကို ထိန်းချုပ် အုပ်စိုးဖို့ ကြိုးစားမယ့် Dr. Robotnik က Sonic ကို လိုက်လံဖမ်းနေတဲ့အတွက် ထွက်ပြေးရှောင်းပုန်းနေရင်း Sonic ဟာ သူ့မိတ်ဆွေအသစ် Tom Wachowski ရဲ့ အကူအညီနဲ့ ပြန်တိုက်ခိုက်ရင်း လွတ်မြောက်အောင် လုပ်ဆောင်ကြမယ့် အခြေအနေတွေနဲ့အတူ ဘယ်လို ရိုက်ကူးပုံဖော်ထားမလဲဆိုတာတွေကို အဲန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။
IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.9 အထိ ရရှိထားခဲ့တဲ့ ဒီရုပ်ရှင်ကားကို ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၈၅ သန်းနဲ့ ၉၅ သန်းကြား အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး Box Office မှာတော့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရရှိခဲ့ပြီး ရုံတင်ဝင်ငွေစံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ နောက်ဆက်တွဲရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေ စတင်မယ့်ရက်ကို တိတိကျကျ မသတ်မှတ်နိုင်သေးဘူးလို့ ဆိုပါတယ်။