ချင်းမိုင်တက္ကသိုလ်အချစ်တော် ခွေးသေဆုံးမှုတွင် ရဲတပ်ကြပ်အား ပြစ်မှု ၃ ခုဖြင့် စွဲချက်တင် 

ချင်းမိုင်တက္ကသိုလ်ကျောင်းသားနဲ့ဆရာ/ဆရာမတို့ရဲ့ အချစ်တော် ခွေးကလေး ဖိတေ့ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမှတ် ၃၃ နယ်ခြားစောင့်တပ်မှ အသက် ၂၇ နှစ်ရှိ ရဲတပ်ကြပ် ပရင်းယား ဗညားပုတ် ဆိုသူကို ချင်းမိုင်ခရိုင်နယ်ခြားစောင့်တပ်ဌာနချုပ်က မေ ၂၈ ရက်မှာ ပြစ်မှု ၃ ခုနဲ့ စွဲချက်တင်လိုက်ပါတယ်။  ပြစ်မှု ၃ ခုမှာ  ညအချိန်ယာဉ်အသုံးပြုပြီး ဥစ္စာပစ္စည်းခိုးယူမှု၊ တိရစ္ဆာန်ကိုအကြောင်းမဲ့ ညှဉ်းဆဲနှိပ်စက်မှု၊ တိရစ္ဆာန်အသေကောင်ကို စည်းကမ်းမဲ့စွန့်ပစ်မှု  စတာတွေ ဖြစ်ပါတယ်။  ပြစ်မှုထင်ရှားကြောင်း သက်သေခိုင်လုံက ဥစ္စာပစ္စည်းခိုးယူမှုမှာ ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ် ဘတ် ၁ သောင်းထက်မပိုတဲ့ ငွေဒဏ်၊ တိရစ္ဆာန်ကိုအကြောင်းမဲ့ ညှင်းဆဲနှိပ်စက်မှုမှာ ၁ နှစ် ထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ် ဘတ် ၆ သောင်းထက်မပိုတဲ့ ငွေဒဏ်၊ တိရစ္ဆာန်အသေကောင်ကို စည်းကမ်းမဲ့  စွန့်ပစ်မှုမှာ ဘတ် ၂ ထောင်ထက်မပိုတဲ့ ငွေဒဏ် အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။  ရဲတပ်ကြပ် ပရင်းယားကတော့  ဦးထုတ်ငိုက်ငိုက်ဆောင်းပြီး နှာခေါင်းစည်းတပ်ကာ ရှေ့နေ ၂ ဦးနဲ့အတူ စွဲချက်ကို လာရောက်နာယူခဲ့ပါတယ်။  ပြစ်မှု ၃ ခုအနက် တိရစ္ဆာန်အသေကောင် စွန့်ပစ်မှု ၁ မှုတည်းကိုသာ ဝန်ခံပြီး ကျန်တဲ့ ၂ မှုကို မကျူးလွန်ကြောင်း၊ ခွေးကလေးကို လည်ပတ်ဖို့ ခေါ်ဆောင်ခြင်းသာဖြစ်ပြီး ခွေးက သူ့ဖာသာ ခုန်ချလို့ ဆိုင်ကယ်နောက်ဘီးနဲ့ ကြိတ်မိကာ မတော်တဆ သေဆုံးရတာလို့ သူကပြောပါတယ်။  ချင်းမိုင်တက္ကသိုလ်အချစ်တော် ခွေးကလေး ဖိတေ့ သေဆုံးမှုမှာ အမှန်တရား ဖော်ထုတ်ပေးဖို့နဲ့ ကျူးလွန်သူကို အရေးယူပေးဖို့ WatchDog Thaniland ခွေးချစ်သူများအဖွဲ့က တရားလိုလုပ်ပြီး ချန့်ဖိုတ်နယ်မြေရဲစခန်းကို တိုင်တန်းထားရာမှာ ရဲစခန်းကနေ အဆိုပါရဲတပ်ကြပ်ရဲ့ မိခင်တပ်ရင်း နယ်ခြားစောင့်တပ်ကို အမှုလွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။  ရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်ချက်တွေပေါ် အားရမှုမရှိကြောင်း WatchDog Thaniland အဖွဲ့ တာဝန်ရှိသူက ပြောဆိုပြီး ဖိတေ့ဟာ တမင်ကြံစည်အသတ်ခံရတာလို့ ယုံကြည်ကြောင်း၊ အသတ်ခံရကြောင်း သက်သေပြနိုင်သူကို ဘတ် ၁ သိန်း ဆုချမယ်လို့ ကြေညာထားပါတယ်။  ၇ နှစ်သားအရွယ် ခွေးထီးကလေး ဖိတေ့ဟာ ချင်းမိုင်တက္ကသိုလ်ဝင်းထဲမှာ ကျင်လည်ကျက်စားနေတဲ့ လေလွင့်ခွေးတစ်ကောင်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ ကျောင်းသားတွေ လှုပ်ရှားရာနောက် တကောက်ကောက်လိုက်တတ်တာ၊ ချစ်စရာကောင်းပြီး လိမ္မာတာကြောင့် လူတိုင်းရဲ့ အချစ်တော်ဖြစ်နေတာပါ။ သူဟာ မေလ ၃ ရက်နေ့မှာ ပျောက်သွားပြီး ၇ ရက်နေ့မှာတော့ သေဆုံးနေတဲ့ခွေးကို အိတ်ထဲထည့်ပြီး လမ်းဘေးမှာ လာပစ်ထားတာ တွေ့ရပါတယ်။  သူတို့အချစ်တော် ခွေးကလေးသေဆုံးသွားတဲ့အတွက် ချင်းမိုင်တက္ကသိုလ်အသိုက်အဝန်းက လွန်စွာနှမျောဝမ်းနည်းပြီး ကောင်းမွန်စွာပြန်သင်္ဂြိုဟ်ပေးခဲ့သလိ‌ေ ဖိတေ့အမှတ်တရ ဗွီဒီယိုကလစ်တွေ၊ သီချင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။  ကိုးကား - မန်နေဂျာအွန်လိုင်း ၊  ထိုင်းရတ် ၊ ချင်းမိုင်နယူးစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up