ကိုဗစ်-၁၉ ကြောင့် ကြန့်ကြာခဲ့ရသည့် ပေါ့ပ်စတားလေဒီဂါဂါ တေးအယ်လ်ဘမ်သစ် ထွက်ရှိလာ (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

ကမ္ဘာတလွှား ကပ်ရောဂါတခုလိုဖြစ်နေတဲ့ COVID-19 ကြောင့် လေဒီဂါဂါရဲ့ အသစ်ထွက်ရှိလာမယ့် တေးအယ်လ်ဘမ် Chromatica ဟာ သီတင်းပတ် ၇ ပတ်လောက် ကြန့်ကြာခဲ့ရပြီး ဒီကနေ့မှာတော့ ထွက်ရှိလာခဲ့ပါတယ်။ ဒီတေးအယ်လ်ဘမ်ကတော့ သီချင်းသစ်တွေထွက်တိုင်းမှာ အမိုက်စား အလန်းစား သရုပ်ပြမှုတွေ၊ တင်ဆက်မှုတွေနဲ့ တမျိုးပြီးတမျိုး မရိုးရအောင် ဖျော်ဖြေလေ့ရှိတဲ့ ပေါ့ပ်စတား လေဒီဂါဂါရဲ့ ၆ ချပ်မြောက် တေးအယ်လ်ဘမ် ဖြစ်လာခဲ့တာပါ။ အဆိုတော်၊ တေးရေးဆရာ၊ သရုပ်ဆောင်မင်းသမီး၊ ထုတ်လုပ်သူ၊ စီးပွားရေးလုပ် ငန်းရှင်တဦးအနေနဲ့ အောင်မြင်နေခဲ့သူ လေဒီဂါဂါဟာ အသက် ၃၄ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေက ခက်ခဲခဲ့တဲ့ အချိန်တွေ ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fame တေးအယ်လ်ဘမ်နဲ့အတူ ပရိသတ်တွေ လက်ခံအားပေးမှုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တာပါ။ လက်ရှိမှာတော့ ကမ္ဘာတလွှား ထင်ရှားတဲ့ သီချင်းတွေနဲ့အတူ ဂရမ်မီဆုတွေ အပါအဝင် တေးဂီတထူးချွန်ဆုတွေလည်း အများကြီး ရရှိထားပါတယ်။ နောက်ထပ် ထင်ရှားတာတွေထဲမှာတော့ လေဒီဂါဂါဟာ စိတ်ကျန်းမာရေးဝေဒနာသည်တွေနဲ့ LGBT တွေ အခွင့်အရေးအတွက်လည်း တက်တက်ကြွကြွပါဝင်လေ့ရှိတဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်မင်းသမီးတဦးအဖြစ်ပါ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂီတဒရာမာရုပ်ရှင် A Star Is Born ရုပ်ရှင်နဲ့ သူ့ရဲ့ အနုပညာစွမ်းကို ထပ်မံပြသနိုင်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်မင်းသား ဘရက်ဒ်လေကူးပါးက ဒါရိုက် တာအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ တွဲဖက်ပါဝင်ထားတာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားနဲ့ လေဒီဂါဂါဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်တေး ရွှေကမ္ဘာလုံး ဆုအပါအဝင် တခြားထူးချွန်ဆုတွေနဲ့အတူ ဆန်ကာတင်စာရင်းတွေမှာ ပါဝင်ခဲ့ပြီး A Star Is Born ဟာ အအောင်မြင်ဆုံး ရုပ်ရှင်ကားတကားလည်း ဖြစ်ခဲ့တာပါ။ Poker Face ၊ Paparazzi ၊ Bad Romance ၊ Telephone ၊ Alejandro စတဲ့ ဂါဂါရဲ့ သီချင်းတွေဟာ ဆယ်စုနှစ်နဲ့ချီ ပရိသတ်တွေကို ဖမ်းစားထားနိုင်ဆဲသီချင်းတွေဖြစ်သလို ခုထွက်ရှိလာမယ့် Chromatica တေးအယ်လ်ဘမ်ထဲမှာရော ဘယ်လိုသီချင်းတွေနဲ့ ဆန်း ဆန်းပြားပြား တင်ဆက်ထားဦးမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ လေဒီဂါဂါရဲ့ Chromatica တေးအယ်လ်ဘမ်ကို အစက ဧပြီလ ၁၀ ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါကြောင့် ကြန့်ကြာနေရတာပါ။ စိတ်ကျန်းမာရေးနဲ့ ကုထုံး၊ အခက်အခဲတွေကြားက ပျော်ရွှင်မှုကို ရှာဖွေမှုနဲ့ဆိုင်တဲ့ အဓိပွာယ်တွေနဲ့ ရေးစပ်ထားတဲ့ သီချင်းတွေ ပါဝင်တဲ့ ဒီတေးအယ်လ်ဘမ်ထဲမှာတော့ သီ ချင်းစုစုပေါင်း ၁၆ ပုဒ်ပါဝင်ပြီး ထူးခြားတာကတော့ နာမည်ကြီး ဝါရင့်အဆိုတော်ကြီး အယ်လ်တန်ဂျွန်၊ ပေါ့ပ်နဲ့ အာရ်အဲန်ဘီ အဆိုတော် အေရီယန်နာဂရဲန်းဒ်၊ အမျိုးသမီး ကေ ပေါ့ပ်စတားအဖွဲ့ Blackpink တို့ကလည်း ပါဝင်ထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up