Home
ဆောင်းပါး
ကျောင်းပညာရေးမှာ လိင်ပညာပေး ဘာရည်ရွယ်ချက်နဲ့သင်မှာလဲ
DVB
·
May 29, 2020
မျိုးဆက်ပွားကျန်းမာရေး(သို့) လိင်ပညာပေးကို ကျောင်းပညာရေးမှာ ထည့်သွင်းသင်ကြားမယ်ဆိုတော့ မြန်မာနိုင်ငံဗုဒ္ဓဘာသာကလျာဏယုအသင်း(YMBA)က ၂၀၂၀  မေ ၁၇ ရက်က ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်တယ်။ “မြန်မာရိုးရာယာဉ်ကျေးမှုနဲ့ ဆန့်ကျင်နေသည့် အတွက်"လို့ ဆိုတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ၂၀၂၀ မေ ၂၀ ရက်က ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်တယ်။ ထုတ်ပြန်ချက်မှာ ဆိုးကျိုး ၇  ချက်ဖေါ်ပြထားတယ်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကလည်း သူ့ရဲ့တစ်ဦးတစ်ယောက်သဘောထားနဲ့ ကန့်ကွက်ကြောင်း သူ့ Facebook စာမျက်နှာမှာရေးပါတယ်။  "အထက်တန်းသင်ရိုးပါ Sex Education ကိစ္စက မြန်မာ့လူမှုအသိုင်းအဝိုင်းနဲ့ အံမဝင်တဲ့အပြုအမူတွေ၊ ဆယ်ကျော်သက်များ အတုယူမှားနိုင်တဲ့ အခြေအနေတွေ ကြောင့်လက်မခံနိုင်ပါ"တဲ့။ ဒိအပြင် ရဟန်းတချို့နဲ့ လူပုဂ္ဂိုလ်တချို့ကလည်း ယူဆချက်အမျိုးမျိုး အမြင်အမျိုးမျိုး နဲ့ကန့်ကွက်ကြတယ်။ ကန့်ကွက်ပြောဆိုသူတွေကို Facebook မှာ Live လွှင့်ဆဲဆိုလို့ လူစုလူဝေးဖြစ်ကြရတယ်။ Live လွှင့်သူလည်း အမှုဖွင့်ခံရပြန်တယ်။ ဒီကိစ္စက  ပြည်သူ့ mandate ( ပြည်သူ့အာဏာ၊ ပြည်သူ့လုပ်ပိုင်ခွင့်နဲ့ပယ်ချဖို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ  ဦးသန်းဌေးက သူ့ကန့်ကွက်စာထဲမှာ ထည့်သွင်းဖေါ်ပြထားတယ်။ ကန့်ကွက်သံတွေကြားရတော့ အခြေခံပညာဦးစီးဌာနက သင်ရိုးကိုပြန်လည်ပြင်ဆင်မယ်လို့ ၂၀၂၀၊ မေ ၂၂ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောလာတယ်။ တကယ်တော့အခုလို ပြည်သူအပေါ် အရေးတယူရှိခြင်းဟာ ကြိုဆိုရမယ့် အမူအကျင့်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ တချို့က ပြန်လည်ပြင်ဆင်မယ်ဆိုတာကို လက်မခံချင်ကြဘူး။ လုံးဝ ပယ်ဖျက်ချင်ကြတယ်။ အပေါင်းလက္ခဏာထက် အနုတ်လက္ခဏာဘက်ကို ဦးတည်သူ‌တွေ ရှိနေပါတယ်။ လိင်ပညာပေးလို့ပဲပြောပြော၊ မျိုးဆက်ပွားကျန်းမာရေးလို့ပဲပြောပြော ကျောင်းပညာရေးမှာသင်ကြားမယ်လို့ စတင်သိရှိလိုက်ချိန်မှာပဲ ခေါင်းထဲကို မေးခွန်းတစ်ခု ရောက်လာတယ်။ အဲ့ဒါကတော့ " မျိုးဆက်ပွားကျန်းမာရေးကို ကျောင်းပညာရေးမှာ ဘာကြောင့်သင်မှာလဲ" ၊ ဘာရည်ရွယ်ချက်နဲ့သင်မှာလဲပေါ့။ ဒီမေးခွန်းက ဒီပြဿနာမှာ အခရာကျပါတယ်၊  ဘာကြောင့်သင်မှာလဲ ဆိုတဲ့ သိလိုစိတ်အရင်ဖြစ်ဖို့လိုတယ်လို့ပြောချင်တာပါ။ သိလိုစိတ်ဦးဆောင်ပါမှ အမှားအမှန်ပေါ်လွင်မှာပါ။ ဆိုလိုတာက သိလိုစိတ်ရှိရင် မေးမြန်းမယ်၊ စူးစမ်းမယ်၊ ရှာဖွေလေ့လာမယ်။ ဒီအခါ အားနည်းချက် အားသာချက်တွေတွေ့ရမှာပါ။ အားနည်းချက် အားသာချက်တွေကို အကြောင်းအကျိုး ဆီလျော်စွာ ဂဃနဏထောက်ပြရင် အပေါင်းလက္ခဏာ ဖြစ်ပါတယ်။ Negative ဆိုက်တွေများနေရင် ဖွံ့ဖြိုးတိုးတက်မှုဆီ ရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် သိလိုစိတ်နဲ့ ပထမစဉ်းစားတယ်။ မျိုးဆက်ပွားနဲ့ဆိုင်တဲ့ကျန်းမာရေးပညာကို မြန်မာရိုးရာယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့သင်မှာလားပေါ့။  ဒါလုံး ဝမဖြစ်နိုင်တဲ့ စဉ်းစားမှုပါ။ ဘာကြောင့်လဲဆိုရင် မျိုးဆက်ပွားခြင်းကိစ္စဟာ မြန်မာလူမျိုးတွေ လုံးဝမလုပ်ရမဲ့ ယဉ်ကျေးမှုမဟုတ်လို့ပါ။ မျိုးဆက်ပွားခြင်းကိစ္စဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းနဲ့ အံမဝင်တဲ့အပြုအမူလား၊ မြန်မာအသိုင်းအဝိုင်းနဲ့ အံမဝင်ဘူးဆိုရင် မြန်မာလူမျိုးဆိုတာတောင်ရှိလာမှာမဟုတ်ပါဘူး။ ဆယ်ကျော်သက်တွေအတုယူမှားအောင် ဆရာတွေက တမင်ရည်ရွယ်သင်ကြားမှာလား။ ဒါလည်းမဟုတ်ဘူး။ တကယ်တော့ အတုယူတယ်ဆိုတဲ့ကိစ္စက ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားနေစရာမလိုဘဲ လူတိုင်းအလိုအလျာက် တတ်ကျွမ်းတဲ့ကိစ္စတစ်ခုပါ။ အတုယူမမှားအောင်သာ ပြောဆိုဆုံးမ သွန်သင်ပြသရမှာဖြစ်ပါတယ်။ လူသားအားလုံးဟာ ဆယ်ကျော်သက်အရွယ်ရောက်လာရင် အတုယူစရာမလိုအောင် ဆန့်ကျင်ဘက်လိင်ကို အပြန်အလှန်စိတ်ဝင်စားလာကြတာဆိုတော့ အတုယူမှားအောင်ဆိုတာထက် အတုယူမမှားအောင်ဘဲ သင်ရမှာပါ။ ဆယ်ကျော်သက်မှမဟုတ်ပါဘူး။ အသက်အရွယ်အားလုံး အတုယူမမှားဖို့ လိုပါတယ်။ ဒါဆို မျိုးဆက်ပွားကျန်းမာရေးကို ဘာကြောင့်သင်မှာလဲ။ စူးစမ်းရှာဖွေလေ့လာကြည့်တဲ့အခါ  လူတွေဟာ အပျိုလူပျိုဆိုတဲ့အရွယ်ကို ရောက်ရှိလာတယ်ဆိုတာ မျိုးပွားဖို့ အသင့်ဖြစ်ပြီဆိုတဲ့ ပြောင်းလဲမှုပါပဲ။ ဒီပြောင်းလဲမှုနဲ့အတူ အချစ်ဆိုတဲ့အရာကလည်း အလိုအလျောက် ပေါ်ပေါက်လာတာပါပဲ။ အချစ်ဆိုတာ ဆန့်ကျင်ဘက်လိင်ကို အပြန်အလှန် စိတ်ဝင်စားတာလည်းရှိသလို လိင်တူကို စိတ်ဝင်စားတာလည်းရှိပါတယ်။ ဒီလို စိတ်ဝင်စားခြင်းကနေ စတင်တဲ့ စိတ်ရဲ့လှုံ့ဆော်မှုဟာ တားမြစ်ချက်တွေ၊ အခက်အခဲတွေ၊ အတားအဆီးတွေကို ဖြတ်ကျော်ပြီး အချစ်စခန်းကိုရောက်အောင်သွား တတ်ကြပါတယ်။ တကယ်တော့ အဲ့ဒိအချစ်စခန်းရဲ့ နောက်ကွယ်မှာ ကျန်းမာရေးပြဿနာ၊ လူမှုရေးပြဿနာအပြင် တခြားပြဿနာတွေ များစွာ ရှိနေတယ်ဆိုတာကို သူတို့အသိအားနည်းကြတယ်။ လူမှုရေးပြဿနာ သိသာထင်ရှားဆုံးက ၁၆ နှစ်အောက် ကိုယ်ဝန်ဆောင်တွေ များပြားလာပြီး မွေးကင်းစ ကလေးစွန့်ပစ်ခံရတာပါပဲ။ မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များကူညီရေးဂေဟာရဲ့ ပင်မဦးတည်ချက်က မုဒိန်းကျင့်ခံရလို့ ရရှိလာတဲ့ကိုယ်ဝန်နဲ့ ရင်သွေးငယ်စောင့်ရှောက်ရေးအတွက် ဦးတည်ဖွင့်လှစ်ထားတာပါ။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ မတော်တဆကိုယ်ဝန်ရတဲ့ အသက် ၁၆ နှစ်အောက် အမျိုးသမီးငယ်စောင့်ရှောက်ရေးပါ ထပ်တိုးလုပ်ဆောင်လာရပြီလို့ မာမီကွတ်တည်ထောင်သူ မရှင်ငြိမ်းမယ်က သတင်းထောက်တစ်ယောက်ကို ပြောပါတယ်။ မာမီကွတ်ဂေဟာမှာ လတ်တလော  မိခင်ရောကလေးပါ လူဦးရေ ၇၀ ကျော်ရှိ‌နေတယ်လို့ဆိုပါတယ်။  မိခင်တချို့က ကလေးမွေးပြီးရင် ကလေးကိုဂေဟာမှာ ထားခဲ့ကြမှာပါ။ အခုလိုစောင့်ရှောက်ရေးဂေဟာမှာ စောင့်ရှောက်မှုခံယူ မွေးဖွားတာဟာ ကလေးစွန့်ပစ်နှုန်း ကျဆင်းစေပါတယ်။ စွန့်ပစ်ခံရတဲ့ ကလေးတွေဟာလည်း မိဘမဲ့အဖြစ် တစ်ဘဝလုံး ဖြတ်သန်းရပါမယ်။ အဖေ အမေ ဘယ်သူမှန်းမသိတဲ့ ကလေးတစ်ယောက်ရဲ့ ရှင်သန်မှုကို ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။ အတုယူမှားခြင်းရဲ့ သက်ရောက်မှုလို့ ပြောရင် မှားမယ်မထင်ပါဘူး။ တချို့က အခုလို စနစ်တကျစောင့်ရှောက်မှုခံယူ မွေးဖွားတာမျိုးမလုပ်ဘဲ အရပ်ထဲမှာပဲ လက်သိပ်ထိုး ဖျက်ချတတ်ကြပါတယ်။ ဖျက်ချတဲ့အခါ ကလေးလည်းပျက်စီးရသလို မိခင်လည်း အသက်သေဆုံးတဲ့အထိ ရင်ဆိုင်ရတာ‌တွေရှိပါတယ်။ အခုလို အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်းဟာ မျိုးဆက်ပွားကျန်းမာရေး အသိအားနည်းလို့ဆိုတာကို ညွှန်ပြနေတာပါပဲ။ ကျန်းမာရေးပြဿနာ ကျန်းမာရေးပြဿနာအနေနဲ့ကတော့ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေ အတော်များများထဲမှာ HIV ကူးစက်မှုက ထိပ်တန်းမှာရှိပါတယ်။  ဆယ်ကျော်သက် HIV/AIDS ကျန်းမာရေးစင်တာရဲ့ ၂၀၂၀၊ မေလ ၁၂ ရက်ကဆောင်းပါးကို " HIV ပိုးရှိသူတွေမှာ ဆယ်ကျော်သက်ဦးရေ ပိုမိုပြီး များပြားလာပါတယ်"ဆိုတဲ့နိဒါန်းနဲ့စာကို ဖွင့်ထားပါတယ်။ ၂၀၁၈ စစ်တမ်းအရ သုံးမိနစ်တိုင်းမှာ ဆယ်ကျော်သက် မိန်းကလေးတစ်ဦး HIV ပိုးကူးစက်ခံနေရတယ်လို့ မီဒီယာတွေက ဖေါ်ပြပါတယ်။ ဆယ်ကျော်သက်အရွယ်တွေ ချစ်ရည်လူးတဲ့အခါ အများဆုံးတွေ့ရတာက လိင်အင်္ဂါကြွက်နို့၊ ဂနို၊ ဆီးပူညောင်းကျ၊ ကာလသားရောဂါ၊ အသည်းရောင်အသားဝါ ဘီပိုး စီပိုး၊ အရည်ပြားယားယံစေတဲ့ သန်းဝဲ၊ မိန်းမကိုယ်ယားယံ ယောင်ကိုင်း‌စေတဲ့ပိုး၊ မျိုးပွါးအင်္ဂါကိုဖျက်စီးစေတဲ့ ကလာမိုက်ကီးယားပိုး၊ အဲ့ဒိပိုးဟာ ရာသက်ပန် ကလေးမရနိုင်တဲ့အထိ မျိုးအိမ်ကို ဖျက်စီးနိုင်တယ်လို့ သားဖွားနှင့် မီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင်က အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။ ဒါဟာ အကျည်းချုပ်မျှသာပါ။ ဥပဒေ နှစ်ဦးသဘောတူချစ်ရည်လူးကြပေမဲ့ အကြောင်းမညီညွှတ်တဲ့အခါ ကာမလိမ်လည်ရယူမှု၊ မုဒိမ်းမှုတွေနဲ့ အရေးယူခံရနိုင်ပါသေးတယ်။  လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် သက်ငယ် မုဒိမ်းမှု ၂၀၁၇ ခုနှစ်မှ ၂၀၂၀ခုနှစ်၊ ဧပြီလအထိ ၉၂၄ မှု ဖြစ်ပွားခဲ့ကြောင်း အခြေခံပညာဦးစီးဌာနရဲ့ ထုတ်ပြန်စာမှာဖေါ်ပြထားပါတယ်။  မြေပြင်အခြေအနေအရဆိုရင် ဖေါ်ပြပါစာရင်းထက် မိုမို များပြားနိုင်ပါတယ်။ ကိုယ်ခန္ဓာဖွံ့ဖြိုးစ ဆယ်ကျော်သက်အရွယ်မှာ ချစ်ရည်လူးရင် အဲ့သလိုတွေဖြစ်မယ်ဆိုတာကို ဆယ်ကျော်သက်အရွယ်မဆိုထားနဲ့ မိခင်အရွယ်နဲ့ ဘိုးဘွားအရွယ်အများစုပင် မသိကြပါဘူး။ မသိခြင်းဆိုတဲ့ မောဟဟာ ကဏ္ဍအသီးသီးမှာ မှားယွင်းမှုကို ပိုမိုကြီးထွားစေတယ်ဆိုတာ ကိုသတိချပ်ရပါမယ်။ သိလို့လုပ်ခြင်းထက် မသိပဲလုပ်ခြင်းက အန္တရာယ်ပိုကြီးတယ်လို့ပြောရင် ဆယ်ကျော်သက်တွေ ပိုပြီးနားလည်လွယ်မယ်ထင်ပါတယ်။ ဝါးခေါင်းပွကို ဓားထက်ထက်နဲ့ ခုတ်သော်ငြား မခုတ်တတ်ရင်ဝါးကွဲပါတယ်၊ ခုတ်နည်းသိရင် ဝါးမကွဲပါဘူး။ ဒါကြောင့် ဒီလိုလုပ်ရင် အန္တရာယ်များတယ်၊ ဒီလိုလုပ်ရင် အန္တရာယ်မရှိဘူးဆိုတာကို သူတို့သိ အောင်ပြောဖို့လိုပါပြီ၊ မဖြစ်မနေပြောဖို့ အချိန်တန်ပြီလို့ဆိုချင်ပါတယ်။ ပြောဖို့အချိန်တန်ပါပြီလို့ ထပ်ပြောပါရစေ။ ဘာကြောင့်အချိန်တန်တာလဲ ဘယ်လိုအချိန်တန်တာလဲ။ ပြောင်းလဲလာ တဲ့ခေတ်နဲ့အတူ ဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့အတူ အတုယူစရာတွေကလည်း ဒုနဲ့ဒေးဖြစ်လာပါတယ်။ မြန်မာယဉ်ကျေးမှုနဲ့ဆန့်ကျင်ဘက် အတုယူစရာတွေက အစအမှိုက်လိုပေါများလာ တဲ့ခေတ်ဖြစ်နေလို့ပါ။ ဥပမာပြစရာတွေအများကြီးထဲကမှ မြန်မာယဉ်ကျေးမှုနဲ့ အံမဝင်တဲ့အပြုအမူတချို့ကို ထုတ်ထုတ်ပြချင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စင်မြင့်ပေါ်က Sex မော်ဒယ် ဇွန်သဉ္ဇာရဲ့ ကဟန် ဆိုဟန် နေထိုင်ဟန်တွေဟာ ဆယ်ကျော်သက်တွေ တတုယူမှားစေတဲ့အပြုအမူတွေပါပဲ။ သရုပ်ဆောင်တချို့၊ မော်ဒယ်တချို့ရဲ့ ဝတ်စားဆင်ယင်ပုံတွေဟာလည်း ဆယ်ကျော်သက်တွေကို တတုယူ မှားစေတာပါပဲ။ ဒီလိုမြန်မာယဉ်ကျေးမှုနဲ့ သွေဖီနေတဲ့အပြုအမူတွေဟာ လိင်ပိုင်းဆိုင်ရာအထိ သက်ရောက်စေတယ်ဆိုတာ ငြင်းမရပါဘူး။ ယုတ်စွအဆုံး ၁၈ အောက်မကြည့်ရဆိုတဲ့ ညစ်ညမ်းဗွီဒီယိုတွေကလည်း ဖုန်းတစ်လုံးရှိရုံနဲ့ အလွယ်တကူရှာဖွေကြည့်ရှုနိုင်တာမို့ အတုယူစရာတွေများတဲ့ ခေတ်လို့ဆိုတာပါ။ ဒီလို အတုယူစရာပေါများနေတဲ့ခေတ်မှာ အတုယူမမှားဖို့ဆိုတာကိုလည်း သင်ခန်းစာတစ်ခုအနေနဲ့ သင်ကြားပေးဖို့လိုပါတယ်။  အချုပ်အားဖြင့်ဆိုရရင် သတ္တဝါတွေရဲ့ ကာမစိတ်ဟာ အလွယ်တကူဟန့်တားလို့မရနိုင်ပါဘူး။ ချစ်ရသူနဲ့ ချစ်စခန်းသွားဖို့ကို နည်းမျိုးစုံ ကြိုးစားကြမှာပါ။ ဘယ်သူတားနိုင်မှာလဲ။ မတားနိုင်လို့သာ ဆယ်ကျော်သက်တချို့ ကိုယ်ဝန်ဖျက်ချရတာ၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေးဂေဟာ ရောက်ကြရတာ။ မွေးကင်းစ ကလေးစွန့်ပစ်ခံရတာ၊ ရောဂါပိုးကူးစက်ခံရတာ၊ ဥပဒေအရအရေးယူခံရတာတွေဖြစ်ပေါ်နေတာပါ။ ဆယ်ကျော်အရွယ်မှာ ဒါမျိုးတွေမဖြစ်ဖို့ ချစ်ရည်လူးခြင်းကို အိမ်ထောင်ပြုပြီးမှ အတွေ့အကြုံယူဖို့နဲ့ ထိန်းချုပ်မရနိုင်တဲ့ အခြေရှိခဲ့ရင်လည်း လုံခြုံရေးအထောက်အကူပြုပစ္စည်းသုံးဖို့ မျိုးဆက်ပွားကျန်းမာရေးက တိုက်တွန်းကြပါတယ်။ ဒီတော့ အတုယူမမှားရေး ဒီကိစ္စကို သင်ဖို့လိုအပ်ပါတယ်။ ဘယ်လိုသင်မလဲ ဆိုတာသာအဓိကပါ။ လိင်စိတ်လှုံ့ဆော်ရာ မကျအောင်၊ နားဝင်‌ကောင်းအောင်၊ မှတ်မိလွယ်အောင်၊ ထိရောက်အောင်ဆိုတဲ့ စံနှုန်းတွေရေးဆွဲပြီးမှ ကျောင်းသင်ခန်းစာမှာပြဋ္ဌာန်းသင့်ကြောင်း တိုက်တွန်းပါတယ်။ ဇွဲဝဏ္ဏ(ကျုံပျော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024