ဖားကန့်တွင် လုံခြုံရေးဝန်ထမ်းအားသတ်သွားသူကို ၂၄ နာရီအတွင်း ဖမ်းမိ
DVB
·
May 29, 2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါတစ်သုံးလုံးကုမ္ပဏီက လုံခြုံရေးဝန်ထမ်းတဦးအား ဓားနဲ့ထိုးသတ်ခဲ့သူကို ၂၄ နာရီအတွင်း ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မေ ၂၇ ရက်ညနေပိုင်းက တားမြစ်ထားတဲ့ မြေစာပုံမှာ ရေမဆေးကျောက် မရှာဖွေဖို့ ပြောတဲ့ ဝန်တမ်းအား ဓားနဲ့ထိုးတာကြောင့် သေဆုံးသွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို မေ ၂၈ ရက်မနက် ၉ နာရီခန့်လောက်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဝှေခါအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောပါတယ်။
"၂၄ နာရီအတွင်း ဖမ်းမိတာပါ။ အဓိကကတော့ လူသတ်သူရဲ့လက်မောင်းမှာ ထိုးထားတဲ့ တက်တူးကိုမှတ်မိတာပါ။ လူသတ်မှုကျူးလွန်စဉ်မှာ ဆံပင်ရွှေအိုရောင်ဆိုးထားတော့ သေချာပေါက် သူက ကတုံးရိတ်ထားမယ်လို့လည်း ထင်ပါတယ်။ ဒီမနက်အုပ်ချုပ်ရေးမှူး၊ မီးသတ်နဲ့ ဒေသခံ ကချင်လူငယ်တွေနဲ့ ပူးပေါင်းပြီး ရှာဖွေဖမ်းမိတော့ ဖားကန့်ရဲစခန်းကို အပ်လိုက်ပါပြီ။”
ဝှေခါမှာ မတော်တဆ လူသေမှုသာ ရှိတတ်ပြီး လူသတ်မှုကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
ကျူးလွန်သူမှာ မိုးကောင်းမြို့နယ်၊ ပုလဲကျေးရွာနေ အသက်၂၀ အရွယ် ရာဇာထွန်း ဖြစ်ပြီး ဖားကန့်ရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း