Home
မြန်မာသတင်း
သမိုင်းဝင် အင်းတော်ကြီးရေလယ်ဘုရား ဆိုးဆိုးရွားရွား ရေခန်းခြောက်
နန်းမြနဒီ
·
May 28, 2020
နှစ်စဉ်နှစ်တိုင်း ရေပတ်လည်ဝိုင်းတဲ့ကျွန်းကလေးပေါ်မှာ သာယာလှပ သပ္ပာယ်လှတဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ သမိုင်းဝင် အင်းတော်ကြီးရေလယ်ဘုရား (ရွှေမဉ္ဒူဘုရား) ဟာ ဒီနှစ်မှာတော့ ဆိုးဆိုးရွားရွား ရေခန်းခြောက်မှုဒဏ်ခံနေရပါတယ်။ ဒီနှစ်တပေါင်း တန်ခူးနောက်ပိုင်းကစ ရေတွေနိမ့်ကျသွားပြီး ခါတိုင်း ဘုရားပွဲတော်ချိန်မှ ပေါ်လေ့ရှိတဲ့ နတ်လမ်းဟာဆိုရင် အခုတော့ အတိုင်းသားပေါ်နေပြီး အင်းရေပြင်ဖြစ်ခဲ့တဲ့ တချို့နေရာမှာ အက်ကွဲမြေသားတွေဖြစ်နေကာ အပင်တွေတောင် ပေါက်နေတယ်လို့ အင်းတော်ကြီးဒေသခံတွေက ပြောပါတယ်။ အဆိုပါနတ်လမ်းဟာ အင်းရေအစပ်ကနေ ဘုရားရင်ပြင်ထိ ၂ ဖာလုံ လောက်ဝေးတာကြောင့် ရေတော်တော်ကျသွားတာဖြစ်ပြီး နှစ်ပေါင်း ၅၀ လောက်မှာ အဆိုးရွားဆုံးဖြစ်ကြောင်း အင်းတော်ကြီးဒေသရှမ်းနီစာပေနဲ့ ယဉ်ကျေးမှုအသင်း နာယက ဦးသန်းစိန်က ဒီဗွီဘီကို ပြောပါတယ်။ “နှစ်တိုင်းလည်းရေကျပါတယ်။ ဒါပေမယ့် ဒီနှစ်က ခါတိုင်းနှစ်တွေထက်ပိုခန်းတယ်ပေါ့လေ။ ကျနော့်သက်တမ်း ၅၀ ကျော်မှာ ဒီတခါ အခန်းဆုံးပဲလို့မြင်တယ်။ ကျနော်တို့ငယ်ငယ်တုန်းက ဘုရားကိုလှေနဲ့သွားတယ်၊ တပေါင်းလဆိုရင် နတ်လမ်းဆိုတာ ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် လူသွားလို့ရလောက်တဲ့အထိမရှိပါဘူး။ သွားရင်လည်း ရေက ဒူးခေါင်းလောက်ရှိတာ။ မနေ့တ နေ့ကရောက်သွားတော့ ဘုရားအထိ လမ်းလျှောက်လို့တောင်ရတယ်။ ကုန်းနဲ့ဘုရားရင်ပြင်သွားတဲ့လမ်းမှာ အပင်တွေ တောင်ပေါက်တယ်။” အခုလိုဖြစ်ရတာဟာ မိုးခေါင်တာနဲ့ ကွန်ကရစ် တံတားခင်းလိုက်တာကြောင့် ရေစီးရေလာမကောင်းမွန်တော့ဘဲ အနည်တွေကျလာတာကြောင့်ဖြစ်ပြီး တရားမဝင် ရွှေတူးတာနဲ့ သစ်ခုတ်တာတွေကြောင့်လည်း အင်းတော်ကြီးဒေသတဝိုက်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးလာနေတယ်လို့  သုံးသပ်ပါတယ်။  “ကျနော့်အနေနဲ့ ပြောရရင် ရာသီဥတုမမှန်တာ မိုးရေမရတာ ကြောင့်လည်းပါတယ်။ ပြီးတော့ ပွဲရင်ပြင်နဲ့ ဘုရားဖူးသွားတဲ့လမ်းကို ကွန်ကရစ်ခင်းထားတော့ ရေစီးရေလာက ဆည်ပိတ်ထားသလိုဖြစ်နေတာ။ အနည်တွေဘာတွေက ဟိုဘက်လည်းကူးလို့မရ၊   ဒီဘက်လည်းလာလို့မရ အနည်ထိုင်ပြီးတော့မှ ကောသွားတယ်လို့မြင်တယ်။ အဲဒါပြီးတော့ ဒီအင်းတော်ကြီးပတ်ဝန်းကျင်မှာ ရွှေတူးဖော်တာ၊ မတရားသစ်ခုတ်တာ တွေကြောင့် သဘာဝစိမ့်စမ်းရေ သစ်တောတွေလည်းပြုန်းတီးတာလည်းပါတယ်” ဒီလိုသာဆက်သွားမယ်ဆိုရင် ဒေသအမွေအနှစ်ဖြစ်တဲ့ အင်းတော်ကြီး အိုင်တိမ်ကောသွားမှာ စိုးရိမ်မိကြောင်း၊ အင်းတော်ကြီး ရေခန်းတဲ့အတွက် အင်းကြီးကို အမီှသဟဲ ပြုပြီး လုပ်ကိုင်စားသောက်နေရသူတဲ့ ဒေသခံတွေရော ဘုရားဖူးဧည့်သည်တွေကို အမှီပြုနေရတဲ့လုပ်ငန်းတွေပါ ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။  အင်းတော်ကြီးဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကချင်ပြည်နယ် သစ်တောနဲ့ သယံဇာတထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဌာနတို့ကလည်း လာရောက် စိစစ်နေတယ်လို့ သိရပါတယ်။ အင်းတော်ကြီးရေစီးရေလာ ကောင်းမွန်ဖို့ ကွန်ကရစ်လမ်းအောက်မှာ ရေဝင်ရေထွက်ပေါက်ကလေးတွေ ဖောက်သင့်သလို အစားထိုးသစ်ပင်များစွာ ပြန်လည်စိုက်ပျိုးသင့် တယ်လို့ အင်းတော်ကြီးဒေသရှမ်းနီစာပေနဲ့ ယဉ်ကျေးမှုအသင်း နာယက ဦးသန်းစိန်က အကြံပြုပါတယ်။ အင်းတော်ကြီးဒေသဟာ မိုးညှင်းမြို့နဲ့ မိုင် ၃၀ ခန့်အကွာမှာတည်ရှိပြီး အလျား ၁၄ မိုင် အနံ ၇ မိုင်အကျယ်အဝန်းရှိတဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံး ရေချိုအင်းကြီးဖြစ်ပါတယ်။၊ ရွှေမဉ္ဒူရေလယ်ဘုရားကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ထားကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင်ဘုရားဖြစ်ပြီး ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၈ ရက်နေ့မှ တပေါင်းလပြည့်နေ့ထိ ကျင်းပလေ့ရှိပါတယ်။   
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024