Home
မြန်မာသတင်း
Single mother များ မျက်နှာမငယ်ရသည့် လူ့အသိုင်းအဝိုင်းမျိုးဖြစ်ချင်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော 
DVB
·
May 28, 2020
ခင်ပွန်းမရှိတဲ့Single mother တွေကို ခွဲခြားတာမျိုးမလုပ်ဘဲ သူတို့တွေကို မျက်နှာမငယ်ရတဲ့ လူ့အသိုင်းအဝိုင်းမျိုးဖြစ်စေချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မေလ ၂၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်တွင်းဖြစ်ချည်ထည် Mask ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့သူတွေနဲ့ အွန်လိုင်းက အပြန်အလှန်ဆွေးနွေး ရာမှာ ပြောဆိုခဲ့တာပါ။ Mask ပြိုင်ပွဲမှာ “ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေး”တည်ထောင်သူ ဒေါ်ဖြူဖြူငြိမ်းချမ်း (ခ) မရှင်ငြိမ်းမယ်လည်း ပထမဆု ရရှိတဲ့သူတွေထဲက တဦးဖြစ်ပြီး သူဟာ စွန့်ပစ်ခံကိုယ်ဝန်နဲ့ single mother တဦးဖြစ်ပါတယ်။ မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးရာမှာ ဒေါ်ဖြူဖြူငြိမ်းချမ်းက “သမီးက single mother တယောက်ပါ။ သမီးက စွန့်ပစ်ခံ ကိုယ်ဝန်ဆောင်သည်တယောက်ပါ။ သမီးဘဝမှာ စွန့်ပစ်ခံရတဲ့ကိုယ်ဝန်ဆောင် ဘဝ ဒီမြန်မာ နိုင်ငံရဲအနေအထားမှာ sigle mother တယောက်ရဲ့ဘဝဟာ အရမ်း ခက်ခဲပါတယ်။ ကိုယ်ဝန်ရှိလာခဲ့ရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အမျိုးတွေကတောင်မှ လက်မခံချင်ပါဘူး အမေ။ ဘာလို့လဲဆိုတော့ သမီးတို့ မြန်မာအယူအဆတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို လက်ခံခဲ့ရင် လာဘ်တိတ်တယ်ဆိုတဲ့အယူဆတွေကနေစပြီးတော့ သိပ်ကို မျက်နှာငယ်ရပါတယ်။ အိမ်ထောင်ကွဲ၊ အိမ်ထောင်ပျက် မိန်းကလေးပဲဖြစ်ဖြစ် သမီးတို့နိုင်ငံမှာ single mother ရဲ့ဘဝဟာ တအားကို ရပ်တည်ရ ခက်ခဲပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်အနေနဲ့ဆိုရင် ပိုပြီးခက်ခဲပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်က သူမ ငယ်စဉ်တုန်းက ဒီလိုခွဲခြားဆက်ဆံတဲ့ လူ့ အသိုင်းအဝိုင်းမရှိခဲ့ကြောင်းနဲ့ အမေနဲ့ကလေးတွေပါ မျက်နှာမငယ်ရတဲ့ လူ့အသိုင်းအဝိုင်းမျိုး ဖြစ်စေချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ “သူနာပြုဆရာမတယောက်ဆိုရင် အမေတို့ ငယ်ငယ်ကတည်းက အိမ်ကိုလာ ဝင်ထွက်နေတာ၊ ဒီလိုပဲ ကလေးလေး တယောက်နဲ့စွန့်ပစ်ခံရတာပေါ့နော်။ ကိုယ်ဝန်နဲ့။ ဒါပေမယ့် အမေတို့ ငယ်ငယ်တုန်းကတော့ ဒီလိုခွဲခြားတဲ့စိတ်လည်း မရှိဘူး။ မေမေကလည်း မသင်ပေးဘူး။ ဒါက ဒီအခြေအနေက ဒီလိုပဲပေါ့နော်။ အဲတော့ ကလေးရော အမေရော လုံးဝ မျက်နှာမငယ်မ မပါဘူး။ အဲလိုမျက်နှာမငယ်ရတဲ့ လူ့အသိုင်းအဝိုင်းမျိုးဖြစ်စေချင်တယ်။ တန်ဖိုးထားမှန်တဲ့ လူ့အသိုင်းအဝိုင်းမှာ ဘယ်သူ့မှ မျက်နှာမငယ်ချင်ဘူး။ သမီးအနေနဲ့ သတ္တိရှိတာကိုလည်း ချီးမွမ်းတယ်။ ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်ဖြူဖြူငြိမ်းချမ်း (ခေါ်) ရှင်ငြိမ်းမယ်ဟာ ကိုယ်ဝန်နဲ့ စွန့်ပစ်ခံထားရတဲ့ sigle mother တဦးဖြစ်ပြီး သူလိုခံစားနေရတဲ့အမျိုးသမီးကို ကူညီနိုင်ဖို့ “ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်များကူညီရေး” ကိုတည်ထောင်ထားခဲ့ပါတယ်။  ၆ နှစ်တာကာလအတွင်း  ကိုယ်ဝန်သည်ပေါင်း ၅၀၀ ကူညီကျော်ခဲ့ပြီဖြစ်ကြောင်းနဲ့ သူသမီး ကတော့ ၇ နှစ်ကျော်ပြီဖြစ်ပါတယ်။ သူ့ကလေးအပါအဝင် နှလုံးသားနဲ့မွေးခဲ့တဲ့ကလေး ကတော့ စုစုပေါင်း ၂၆ ယောက်ရှိကြောင်းလည်း ရှင်ငြိမ်းမယ်က ပြောပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်တွင်းဖြစ်ချည်ထည် Mask ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့သူတွေဖြစ်တဲ့ USAက ဒေါက်တာကျော်ကျော်ဝင်း (Eric Yang), ဂျပန်နိုင်ငံက ဦးမျိုးစန်းဦး (Myo GyI)၊ ဝမ်းတွန်းမြို့က ဒေါ်ကြည်ကြည်ဝင်း  နဲ့ ဒေါ်ဖြူဖြူငြိမ်းချမ်း (Shin Nyein Mel) တို့နဲ့ မေလ ၂၇ ရက်နေ့က တိုက်ရိုက်ဆွေးနွေးပြောဆိုခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024