အမေရိကန်ရဲဖမ်းဆီးရာတွင် လူမည်း ၁ ဦးသေဆုံးခဲ့မှု မြို့ ၂ မြို၌ လူရာချီဆန္ဒပြ

948
အမေရိကန်နိုင်ငံမှာ ရဲဖမ်းဆီးမှုတခုအတွင်း လက်နက်မဲ့ လူမည်းတစ်ယောက် သေဆုံးခဲ့တာ ကို ခံပြင်းဒေါသဖြစ်တာကြောင့် မေ ၂၇ ရက်က မင်နီယာပိုလစ်နဲ့ လော့စ်အိန်ဂျလိစ်မြို့တွေမှာ လူ ရာချီ ဆန္ဒပြခဲ့ကြပါတယ်။
လော့စ်အိန်ဂျလိစ်မြို့မှာလုပ်ခဲ့တဲ့ လူမည်းချီတက်လှုပ်ရှားမှုကြောင့် အဓိက အဝေးပြေး လမ်းမကြီးရဲ့ယာဉ်အသွားအလာတွေ ပိတ်ဆိုခဲ့ပါတယ်။
မင်နီယာပိုလစ်မြို့မှာတော့ လူမည်းသေဆုံးခဲ့တဲ့ နေရာအနီး လမ်းတွေပေါ်မှာ လူပေါင်း ရာချီ ဆန္ဒပြခဲ့ပြီး ဆန္ဒပြသူတချို့ဟာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက ရဲတွေကို ခဲ၊ ရေပုလင်း၊ လောက်လေးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ရဲတွေကလည်း မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။
မင်နီယာပိုလစ်မြို့တော်ဝန်က လူမည်းရဲ့လည်မျိုကို ဒူးနဲ့ဖိခဲ့တဲ့ လူဖြူရဲအရာရှိကို အမှုဖွင့်ဖို့ အစိုးရရှေ့နေတွေကို တိုက်တွန်းထားပါတယ်။ အဲဒီလူမည်းဟာ နောက်ပိုင်းဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တာပါ။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သေဆုံးသူ ဂျော့ဂျ်ဖလွိုက် မိသားစု၊ သူငယ်ချင်းတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ အမှုမှာ တရားမျှတမှု ရှိစေရမယ်လို့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။