ကလောမြို့တွင် လေပြင်းတိုက်မှုကြောင့် လူသေဆုံးမှုများရှိ
DVB
·
May 3, 2013
မေလ ၁ ရက်နေ့ညက ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်မှာ မိုးသည်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ရွှေမင်းဖုန်းဒေသ၊ ရွှေတူးဖော်ရေးလုပ်တဲ့ အာရှကမ္ဘာမြေစက်မှုဇုန်မှာ လူသေဆုံးဒဏ်ရာရမှုတွေရှိတယ်လို့ နယ်မြေခံတွေက ပြောပြကြပါတယ်။
ဒေသခံတဦးက “အာရှကမ္ဘာစက်မှုဇုန်က မနေ့က စာရင်းအရ ၁၇ ယောက်သေတယ်။ ဒဏ်ရာရတာလည်း ဘယ်နယောက်မှန်းမသိဘူး။ အင်းထဲမှာလည်း ကျန်နေသေးတယ်ပြောတယ်။ လုံခြုံရေးတွေပြောတော့ ၇ ယောက်လောက် ကျန်တယ်ပြောတယ်။ ရေထဲမျောသွားတာ၊ သစ်ပင်ပိသေသူတွေ၊ အင်းထဲမှာလည်း သေတဲ့သူတွေရှိတယ်ပြောတယ်။ တခြားနေရာကတော့ ပလောင်ရွာတွေမှာ ညောင်ကုန်းမှာ သွပ်လန်သွားတာတွေ ရှိတယ်၊ ၅၁ အိမ်ပါသွားတယ်။ လူတော့မသေဘူး။”
[caption id="attachment_39079" align="alignright" width="300" caption="လေပြင်းတိုက်ခတ်မှု အပျက်အစီးမြင်ကွင်း (စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် )"][/caption]
ကလောမြို့နယ်ဆေးရုံကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ဆေးရုံကို အလောင်း ၉ လောင်းနဲ့ ဒဏ်ရာပြင်းထန်သူတွေရောက်လာတယ်လို့ တာဝန်ကျ ၀န်ထမ်းတဦးက ပြောပါတယ်။
“ကလောဆေးရုံကိုတော့ လူနာအလောင်း ၉ လောင်းရောက်တယ်။ အတိအကျတော့ မသိဘူး။ တောင်ကြီးဆေးရုံကိုတော့ ၃ ယောက်လွှဲတယ်။ ကလောမှာ ၄ ယောက်ကျန်တယ်။ သစ်ပင်ပိတယ်ပြောတယ်။ ကျိုးပဲ့တာတွေ ဖြစ်တယ်။”
လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကလည်း အလားတူ မိုးသက်လေပြင်းကျရောက်မှုတွေဟာ ပြည်၊ မအူပင်၊ အမရပူရ၊ ကလေးနဲ့ မုံရွာမြို့တွမှာလည်းဖြစ်ပွားခဲ့ပြီး လူအသေအပျောက်တွေရှိခဲ့သလို အိမ်ခြေပြိုကျပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။
မိုးလေ၀သပညာရှင် ဦးထွန်းလွင်က နွေကာလပူပြင်းတဲ့ အချိန်မှာ ရေငွေ့ပါပြီး အေးတဲ့လေ ၀င်လာတဲ့အတွက် အားကောင်းတဲ့မိုးတိမ်တောင်တွေဖြစ်ထွန်းပြီး မိုးသက်လေပြင်းကျတာလို့ ရှင်းပြပါတယ်။
မိုးတိမ်တောင်ကြောင့် လျှပ်စီးလက်တာ၊ မိုးခြိမ်းတာနဲ့ မိုးကြိုးပစ်တာတွေ၊ နေရာကွက်မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်တာ၊ လေဆင်းနှာမောင်းနဲ့ စိုက်ဆင်းလေပြင်းတွေဖြစ်တတ်တယ်လို့ ဆိုပါတယ်။
ဒီလို မိုးတိမ်တောင်တွေဖြစ်ထွန်းမှုဟာ နှစ်စဉ်လိုဖြစ်ပြီး ဒီနှစ်မှာ အရင်နှစ်တွေကထက် ပိုမိုဆိုးတယ်လို့ ဦးထွန်းလွင်က နှိုင်းယှဉ်ပြောဆိုပါတယ်။
“အထူးသဖြင့် မိုးကြိုကာလမှာဖြစ်တတ်တဲ့ သဘာဝ။ မြန်မာပြည်မှာ ၂၀၀၆ ကစပြီး မိုးတိမ်တောင်ကြောင့် ဖြစ်တာတွေ တနှစ်၊ တနှစ်တိုးတဲ့အထဲမှာ ဒီနှစ်က အတော်ကြီး အသေအပျောက်များတဲ့နှစ်ပါ။ တခြားနှစ်တွေလည်း သေပါတယ်။ တချို့နှစ်တွေမှာ မိုးကြိုးပစ်လို့သေတာ ၁၀၀ ကျော်ထိ ရှိပါတယ်။”
မိုးတိမ်တောင်ဟာ မြင်နိုင်ကြားနိုင်သလို ရှောင်လွှဲလို့ မရနိုင်တဲ့အတွက် သတိနဲ့ နေကြဖို့ နှိုးဆော်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွေမှာလည်း ဒီရက်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လျှပ်စစ်မီးပြတ်တောက်ခြင်းနဲ့ ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲမှုတွေ ဖြစ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။