ဖြည့်စွက်ဘဏ္ဍာငွေအတွက် ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြတောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်း ၁၀၆၀၀ ကို လျှော့ပေါ့ခွင့်ပြုဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါ တယ်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဖြည့်စွက်ရန်ပုံငွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်စုစုပေါင်းက ကျပ်သန်း ၁ သိန်းကျော် ရှိနေတာပါ။
ဒီထဲကနေ သာမန်အသုံးစရိတ်ထဲက ကျပ်သန်း ၆၅၀၀ နဲ့ ငွေလုံးငွေရင်းအသုံးစရိတ်ထဲက ကျပ်သန်း ၄၁၀၀ စုစုပေါင်း ကျပ်သန်း ၁၀၆၀၀ ကို လျှော့ပေါ့ခွင့်ပြုပေးဖို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက မေလ ၂၇ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အဆိုတင်သွင်းမှုကို ကာကွယ်ရေးဝန်ကြီးနဲ့ ကျပ်သန်း ၂၂၇၀၀ အထိ လျှော့ချဖို့ ဆွေးနွေးခဲ့တဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်တို့ကလည်း လက်ခံခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေထဲမှာ စစ်ဆင်ရေးအတွက် ကုန်ကျတဲ့ စရိတ်တွေက အဓိက ပါဝင်နေပြီး တပ်မတော်အနေနဲ့ နိုင်ငံဘဏ္ဍာကို ဖြုန်းတီးနေတာမျိုးမရှိပါဘူးလို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
၂၀၁၉ -၂၀၂၀ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနဲ့ ပတ်သက်ပြီး မေလ ၂၇ ရက် က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း ဝန်ကြီးဌာန ၁၂ ခုက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက လွှတ်တော်ကို လာရောက်ရှင်းလင်းခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့ လွှတ်တော်မှာ ရငွေသုံးငွေတွေနဲ့ပတ်သက်လို့ တစ်ပိုဒ်ချင်း အလိုက်အဆိုတင်ဆွေးနွေးတာနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူတာတွေ အပြင် ဥပဒေကြမ်းတစ်ခုလုံးကို အတည်ပြုတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
ဖြိုးသက်ပိုင်မြင့်