Home
မြန်မာသတင်း
ကော့သောင်းနယ်စပ်ဂိတ်သို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၁၃၃ ဦး ထပ်မံရောက်ရှိ
DVB
·
May 27, 2020
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် နယ်စပ်ပိတ်လိုက်တဲ့အတွက် နေရပ်ပြန်ဖို့ အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၈၅ ဦး စုစုပေါင်း ၁၃၃ ဦးတို့ မေလ ၂၆ ရက်နေ့က ကော့သောင်းမြို့ မြို့မဆိပ်ကမ်းတံတားကတဆင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာကြပါတယ်။ ဝင်ရောက်လာတဲ့သူတွေကို တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနဲ့ နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီရဲ့ ကြီးကြပ်ညှိနှိုင်းမှုနဲ့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူတွေက တတိယအကြိမ်မြောက်အဖြစ် လာရောက်လွှဲအပ်ခဲ့တာပါ။ ကော့သောင်းခရို‌င်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဒေါက်တာဖြူဖြူဆွေက “ကျမတို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေနဲ့ တဘက်နိုင်ငံက ပြန်ရောက်လာတဲ့ နေရပ်ပြန်တွေကို သတ်မှတ်ထားတဲ့ Quarantine Center တွေမှာနေရာချထားပေးပါတယ်။ ရောက်လာတဲ့လူတွေကို နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ယူပြီးတော့ ရန်ကုန် NHL ကို ပို့ပေးပါတယ်။ ပြီးတော့ Quarantine Center မှာ ရှိတဲ့သူတွေကိုတော့ မနက်တကြိမ် ညနေတကြိမ် ကျန်းမာရေး စစ်ဆေးပေးပါတယ်”လို့ ပြောပါတယ်။ ရောက်ရှိလာတဲ့သူတွေကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ် ပြန်လည် ပို့ဆောင်ရေးကော်မတီနဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။  တနင်္သာရီတိုင်း မြိတ်မြို့နဲ့ ထားဝယ်မြို့တွေမှာ နေထိုင်တဲ့သူတွေကိုတော့ မိမိတို့ နေထိုင်ရာမြို့တွေမှာ Quarantine ဝင်နိုင်ဖို့အတွက် သက်ဆိုင်ရာမြို့တွေကို မော်တော်ယာဉ်တွေ၊ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ပို့ဆောင်ပေးပြီး ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်က သူတွေကိုတော့ ကော့သောင်းမြို့က Quarantine Center တွေမှာ ထားရှိကာ ရန်ကုန်NHLက အဖြေထွက်လာမှ သက်ဆိုင်ရာဒေသတွေကို ပြန်ပို့ပေးမယ်လို့  သိရပါတယ်။ အခုရောက်လာတဲ့သူတွေဟာ တတိယအသုတ်ဖြစ်ပြီး ပထမအသုတ်မှာ ၁၇၈ ဦး၊ ဒုတိယအသုတ်မှ ၄၄ ဦးနဲ့ အခုတတိယအသုတ်မှာ ၁၃၃ ဦး စုစုပေါင်း ၃၃၅ ဦး ရှိပြီဖြစ်ပါတယ်။ သတင်း- လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024