Homeမြန်မာသတင်း
သွေးရည်ကြည်ဖြင့်ကုသမှု ရာနှုန်းပြည့်မပျောက်ကင်းသဖြင့် မျှော်လင့်ချက်ကြီးကြီးထား မရသေးဟု မြန်မာအကြံပေးအဖွဲ့ပြော
သွေးရည်ကြည်ဖြင့်ကုသမှု ရာနှုန်းပြည့်မပျောက်ကင်းသဖြင့် မျှော်လင့်ချက်ကြီးကြီးထား မရသေးဟု မြန်မာအကြံပေးအဖွဲ့ပြော
ညီငယ်
·
May 26, 2020
ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ COVID-19 အပေါ် သုတေသနပြုလုပ်ချက်တွေအရ ပျောက်ကင်း လူနာတွေရဲ့ သွေးရည်ကြည်နဲ့ ကုသပေးရာမှာ ရာနှုန်းပြည့် မပျောက်ကင်းတာတွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လည်း ပိုးကင်းစင်လူနာတွေရဲ့ သွေးရည်ကြည်ကို ပြီးခဲ့တဲ့ သီတင်းပတ်က စယူနေပြီဖြစ်ရာ လက်ရှိပိုးတွေ့လူနာတွေကို ပျောက်ကင်းသွားတဲ့ လူနာတွေရဲ့ သွေးရည်ကြည်နဲ့ ကုသရာမှာ ရာနှုန်းပြည့်ကောင်းသွားတာမဟုတ်တဲ့အတွက် ဒီပေါ်မှာ မျှော်လင့်ချက်ကြီးကြီးမထားဖို့ ပြန်လည်သက်သာကောင်းမွန်သွားတဲ့ COVID-19လူနာရဲ့ သွေးရည်ကြည်နဲ့ COVID-19 ပိုးတွေ့လူနာတွေကို စမ်းသပ်ကုသနိုင်ရေးအတွက် Ad Hoc အကြံပေးအဖွဲ့က ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက ဒီဗွီဘီကို ပြောပါတယ်။
ပိုးတွေ့ပေမယ့် ရောဂါလက္ခဏာမပြဘဲ ပြန်ကောင်းသွားတဲ့သူတွေဆီက သွေးရည်ကြည်ကို မယူဘဲ ရောဂါလက္ခဏာတွေ တကယ်ရှိလာတဲ့ လူနာတွေဟာ သူတို့က ရောဂါကို အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်ကြတယ်ဆိုရင် သူတို့ဆီမှာ လုံလောက်တဲ့ ပဋိပစ္စည်းတွေ ရှိတယ်လို့ ယူဆကြောင်း၊ အဲဒီထဲက အသေးစိတ်တွေ ပြန်ကြည့်ပြီး ယူနိုင်တဲ့သူတွေကိုပဲ ရွေးယူကြောင်း ပြောပါတယ်။
တရုတ်၊ အမေရိကန်၊ ဗြိတိန်နိုင်ငံတွေရဲ့ သွေးရည်ကြည်ကုထုံးရလဒ်တွေအရ သွေးရည်ကြည် ပေးတဲ့အထဲမှာ ကောင်းတဲ့သူက နည်းနည်းပိုးများကြောင်း၊ အမေရိကန်မှာ သွေးရည်ကြည်ကုသမှုကို ကျယ်ကျယ်ပျံ့ပျံ့လုပ်နေရာမှာ သွေးရည်ကြည်သွင်းရာကနေ ကောင်းတဲ့သူရှိသလို၊ မကောင်းတဲ့ သူလည်း ရှိကြောင်း၊ အဲဒီလိုပဲ နိုင်ငံကြီးတွေရဲ့ ရလဒ်တွေအရ သွေးရည်ကြည်ကုထုံးဟာ ရာနှုန်းပြည့်ကုသနိုင်တာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
“ဘာမဖြစ်စေချင်လဲဆိုတော့ ဒါရမှဖြစ်မယ်။ ဒါသုံးရင်ကောင်းသွားမယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ဒါကို ကုသတဲ့နည်းတခုထဲမှာ ထည့်တွက်တယ်ပေါ့။”လို့ ပါမောက္ခဒေါက်တာရဲမြက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ပျောက်ကင်းလူနာတွေရဲ့ သွေးရည်ကြည်ကို စယူရာ လက်ရှိအချိန်အထိ ပျောက်ကင်းလူနာ၅ယောက်လောက်ဆီက သွေးရည်ကြည်ရနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မေလ ၂၆ ရက် မနက်ပိုင်းထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၀၃ ဦးရှိပြီး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၂၃ ဦးရှိပါတယ်။ အဲဒီအထဲက သေဆုံးသူ ၆ ဦးရှိနေပြီး၊ဆေးရုံက ဆင်းခွင့်ရသူ ၁၁၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
COVID- 19 ရောဂါပျောက်ကင်းသွားသူတွေရဲ့ သွေးရည်ကြည်ကိုအသုံးပြုပြီး ပိုးတွေ့လူနာတွေကို ကုသပေးနိုင်ဖို့အတွက် နိုင်ငံတကာကုထုံးတွေ၊ သုတေသနတွေ့ရှိချက်တွေနဲ့ ဆေးပညာကျင့်ဝတ်တွေပေါ် မူတည် ဆောင်ရွက်နိုင်ဖို့ အကြံပေးအဖွဲ့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။