စစ်ကိုင်းတိုင်း ၁၀ မြို့နယ်က စေတနာ့ဝန်ထမ်း ၆၀ ကျော်ကို ဆရာဖြစ်သင်တန်းပေးနေ
Aung Ko Latt
·
May 26, 2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်က စေတနာ့ဝန်ထမ်း ၆၂ ဦးကို မေလ ၂၆ ရက်နေ့က တိုင်းအစိုးရရုံး ဘက်စုံသုံးခန်းမမှာ ဆရာဖြစ်သင်တန်း ဖွင့်လှစ်ပေးနေပါတယ်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့က ထုတ်ဝေထားတဲ့ စေတနာ့ဝန်ထမ်း သင်တန်းလက်စွဲပါ ဆောင်ရန်၊ ရှောင်ရန်တွေကို သင်တန်းတက်ထားတဲ့ မြန်မာနိုင်ငံဆရာဝန်များ အသင်းက တာဝန်ရှိသူတွေ၊ တိုင်းကျန်းမာက တာဝန်ရှိသူတွေ၊ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူတွေက စာတွေ့ လက်တွေ့ သင်တန်းတွေ ပို့ချပေးနေတာပါ။
ဒီသင်တန်းဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လူကယ်ပြန်ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ သင်တန်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။
"မိမိတို့ရပ်ရွာ၊ မိမိတို့ဒေသက Quarantine စင်တာတွေမှာ ကိုဗစ်ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသူတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အထူးကျေးဇူးတင် ဂုဏ်ယူပါ တယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ကိုဗစ်ကပ်ရောဂါက အင်မတန်မှ ကြောက်စရာကောင်းပါတယ်။ သဘာဝဘေးအန္တရာယ်ထဲမှာ ရေကြီးတာ၊ ငလျင်လှုပ်တာထက် ပိုပြီးတော့ ကြောက်စရာကောင်း ပါတယ်။ ဘယ်ချိန်ပြီးမယ်ဆိုတာမပြောနိုင်ဘူး။ ဒီကပ်ရောဂါက တိုင်းအတွက်၊ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စကြီးဖြစ်ပါတယ်။ အခုလိုအရေးကြီးတဲ့အချိန်မှာ အားလုံးပူးပေါင်း ဆောင်ရွက်ကြတဲ့အတွက် အမြန်ဆုံး ကျော်လွှားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။"လို့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က အဖွင့်အမှာစကားမှာ ပြောပါတယ်။
ဒါ့အပြင် လူမှုရေးဝန်ကြီးကလည်း စေတနာ့ဝန်ထမ်းတွေရဲ့ ဖွဲ့စည်းပုံတွေ၊ လုပ်ငန်း လမ်းညွှန်တွေကိုလည်း ထပ်ဆင့် ရှင်းပြခဲ့ပါသေးတယ်။ ဒီသင်တန်းကနေ စာတွေ့လက်တွေ့ သင်ပြပြီး ကိုယ့်ဒေသရောက်တဲ့အချိန်မှာ ဆင့်ပွားသင်တန်းတွေလည်း ထပ်မံပေးရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈၊ ၁၉ ရက်တွေကလည်း ချောင်းဦးမြို့မှာ စေတနာ့ဝန်ထမ်းအဖြစ် စာရင်းပေးသွင်းထားသူ ၂၈၁ ယောက်ကို သင်တန်းတွေဖွင့်လှစ်ပေးခဲ့ပါသေးတယ်။
စေတနာ့ဝန်ထမ်းတွေအနေနဲ့ Quarantineစင်တာတွေမှာ အတွင်းစည်း၊ အပြင်စည်းတွေကနေ သက်ဆိုင်ရာ မြို့နယ်ကိုဗစ်ကော်မတီတွေရဲ့ ကြီးကြပ်မှုနဲ့ တာဝန်ခွဲဝေချထားပေးမှာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေက စေတနာ့ဝန်ထမ်းတွေကိုတော့ အွန်လိုင်းကတင့် သင်တန်းတွေ ပို့ချပေးသွားမှာပါ။
စစ်ကိုင်းတိုင်းအတွင်း စေတနာ့ဝန်ထမ်းအဖြစ် စာရင်းပေးခဲ့သူ ၉၀၀၀ ဝန်းကျင်ရှိပြီး စိစစ်ချက်တွေအရ လက်ရှိမှာ ၆၀၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ အများစုက လူငယ်၊ လူလတ်ပိုင်းအရွယ်တွေဖြစ်တယ်ပါတယ်။
စစ်ကိုင်းတိုင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ မေလ ၂၅ ရက်နေ့ထိ ထုတ်ပြန်ချက်တွေအရ တိုင်းအတွင်း Quarantine စင်တာ ၁၈၅၉ ခုရှိပြီး ပြည်ပက ပြန်လည်ဝင်ရောက်လာသူ ၁၆၀၀၀ ကျော်၊ စောင့်ကြည့်သူ ၇၃၄၈ ဦးရှိကာ အဖြေစောင့်ဆိုင်းနေဆဲ သံသယလူနာ ၈ ဦးရှိနေပါတယ်။