တိုကျိုမြို့တော် အရေးပေါ်အခြေအနေ ထုတ်ပြန်ချက် ရုပ်သိမ်း

ဓာတ်ပုံ - ရိုက်တာ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေက တိုကျိုမြို့တော်နဲ့ တခြားဧရိယာ ၄ ခုမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ချက်ကို မေ ၂၅ ရက်က ပြန်ရုပ်သိမ်းလိုက်ပါတယ်။ နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအရေအတွက် ကျဆင်းလာအပြီး ခုလို ရုပ်သိမ်းတာပါ။ ဒါပေမဲ့ ဗိုင်းရပ်စ်က ကူးစက်တာတွေ ပြန်စလာခဲ့ရင် အရေးပေါ် အခြေအနေ ပြန်ကြေညာနိုင်တယ်လို့လည်း ဝန်ကြီးချုပ်က သတိပေးပါတယ်။ မေ ၁၄ ရက်က နယ်မြေအများစုအတွက် ကန့်သတ်ချက်တွေကို ကနဦး ပယ်ဖျက်ပေးခဲ့အပြီး လူချင်းခွာနေကြဖို့ ကန့်သတ်ချက်ကို တနိုင်ငံလုံးအတွက် ဖြေလျှော့ပေးတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ စီးပွားရေးအစီအစဉ် ၂ ရပ်က စီးပွားရေးလှုံ့ဆော်ဖို့ လျာထားငွေ စုစုပေါင်းပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ ထရီလီယံ ကျော်တယ်လို့လည်း အာဘေက ပြောပါတယ်။ ဒါပေမဲ့ ကူးစက်မှုဘေး ထိန်းချုပ်နေချိန် ပုံမှန်ဘဝ ပြန်ရောက်ရေး အချိန်လိုလိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဂျပန်ဟာ ကပ်ဘေးတုံ့ပြန်ချိန်မှာ ပြဿနာတချို့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း အာဘေက အသိအမှတ်ပြု ပြောဆိုပါတယ်။ ကူးစက်ကပ်ဘေးပြီးရင် ပြန်သုံးသပ်မယ်လို့လည်း သူက ကတိပြုပါတယ်။  တခြားနိုင်ငံတွေမှာ လုပ်သလိုမျိုး အသွားအလာကို တင်းတင်းကျပ်ကျပ် ကန့်သတ်တဲ့ လော့ဒေါင်း မလုပ်ဘဲ သီတင်းပတ် ခြောက်ပတ်အတွင်း ကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့အပေါ် ဂျပန်မော်ဒယ်လို့ အာဘေက ချီးကျူးပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဂျပန်ဟာ ကူးစက်မှု ပေါက်ကွဲချိန်က ကူးစက်ခံ အယောက် ၁၆,၆၀၀ ကျော်ခဲ့ပြီး ကူးစက်ခံ ၈၃၉ ယောက် သေဆုံးခဲ့တယ်လို့ NHK သတင်းဌာနက ဆိုပါတယ်။ မေ ၂၅ ရက်က တိုကျိုမြို့တော်မှာ အသစ်ကူးစက်ခံ ၈ ယောက် ရှိတယ်လို့ မီဒီယာက အစီရင်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up