လွိုင်ကော်မြို့နယ်တွင် ကျောက်ထုလုပ်သား ၇ ဦး အစာအဆိပ်သင့်
နော်နိုရင်း
·
May 25, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုက ကျောက်ထုလုပ်ငန်းတခုက လုပ်သား ၇ ဦး အစာအဆိပ်သင့်ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့ရပါတယ်။
ဒီနေ့မနက်ပိုင်းက ကုန်းသာကျေးရွာအုပ်စုအတွင်းက ကျောက်တောင်မှာ ကျောက်ထုလုပ်ငန်း လုပ်ကိုင်နေတဲ့ အလုပ်သမား ၇ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာလို့ ကုန်းသာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ဒီကုန်းသာ သစ်ဆိပ်နားလေးက ဦးကျော်အောင် ကျောက်တောင်ပေါ်မှာဖြစ်တာ။”
လွိုင်ကော်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဒေါ်ခင်စန်းမြင့်ကတော့ အဆိုပါ အစာအဆိပ်သင့်လူနာတွေဟာ မနက် ၁၁ နာရီလောက်က ပြည်သူ့ဆေးရုံကို ရောက်ရှိခဲ့တာဖြစ်ပြီး ၂ ဦးကိုတော့ အတွင်းလူနာအနေနဲ့ ကုသပေးထားတယ်လို့ ပြောပါတယ်။
“သူတို့အခြေအနေ ကောင်းမွန်ပါတယ်။ ဆေးရုံကို တင်ထားတဲ့ နှစ်ယောက်ကိုလည်း ဒရစ်သွင်းထားတာလေ။ ဒါပေမဲ့လည်း သွေးပေါင်တွေ ဘာတွေ ကောင်းတယ်။ ထပ်အန်တာတွေ မရှိဘူး။ သူတို့ကို မေးတာကတော့ သူတို့က ကြက်သားနဲ့ ဘူးသီးစားတယ်။ လက်ဖက်သုပ်စားတယ်။ ကင်မွန်းချဉ်ရွက်ဟင်းချိုကို သောက်တယ်တဲ့။ ”
အစာအဆိပ်သင့်သူတွေအထဲမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပြီး ၅ ဦးကိုတော့ ပြင်ပလူနာအနေနဲ့ပဲ ဆေးကုသပေးကာ ပြန်လွှတ်လိုက်တယ်လို့ ဆေးရုံအုပ်က ပြောပါတယ်။