ရွှေပြည်တန် အမြန်ရေယာဉ် စက်ချို့ယွင်းပြီး ခရီးသည်များကို အရေးပေါ်ကယ်ဆယ်
DVB
·
May 25, 2020
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှ စစ်တွေမြို့သို့ မေလ ၂၅ ရက် မနက် ၈ နာရီအချိန် ထွက်ခွာလာတဲ့ ရွှေပြည်တန် အမြန်ရေယာဉ်ဟာ ပေါက်တောမြို့အနီးရှိ ကျွဲကူးမြစ်အတွင်းမှာ စက်ချို့ယွင်းမှုဖြစ်ပွားခဲ့လို့ ပေါက်တောမြို့မီးသတ်တပ်ဖွဲ့က ခရီးသည်တွေကို အရေးပေါ်သွားရောက် ကယ်ဆယ်ခဲ့ရပါတယ်။
ပေါက်တောမြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးမျိုးမင်းထွန်းက “ကျနော်တို့ကို ခရီးသည်တွေက ကြောက်လန့်ပြီး အကြောင်းကြားလာကြတယ်။ ကျနော်အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး Speed Boat နဲ့ လိုက်သွားကြတယ်။ ရေယာဉ်က စက်ချို့ယွင်းကာ မျောပါပြီး သောင်တင်နေတာ တွေ့ရတယ်။ နောက် စစ်တွေကို အကြောင်းကြားပြီး စစ်တွေက အရေးပေါ် ရောက်လာတဲ့ အမြန်ရေယာဉ်ပေါ်ကို ခရီးသည်အားလုံး ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါရေယာဉ်နဲ့ လိုက်ပါလာတဲ့ ခရီးသည် ၁၂၆ ဦးကို စစ်တွေမြို့မှ လိုက်လာတဲ့ ရွှေပြည်တန်အမြန်ရေယာဉ်နောက်တစ်စီးနဲ့ အစားထိုးကာ ပို့ဆောင်လိုက်ပြီး စက်ချို့ယွင်းခဲ့တဲ့ အမြန်ရေယာဉ်ကတော့ ပြန်လည်ပြုပြင်ဖို့ ပေါက်တောမြို့ သို့ ပြန်လည်ရောက်နေပါတယ်။
စစ်တွေမြို့နဲ့ ပေါက်တောမြို့အကြား တစ်နေ့ကို အမြန်ရေယာဉ် ၂ ကြိမ်ပြေးဆွဲနေတာ ဖြစ်ပါတယ်။
သတင်း- လင်းလက်/ ဓာတ်ပုံ- Rakhine fire force