မိုးမောက်မြို့နယ်၌ အုတ်ရေကန် ပြိုကျပိမိ၍ ကလေးငယ် ၃ ဦး သေဆုံး
DVB
·
May 25, 2020
မိုးမောက်မြို့နယ်၊ မန်နောင်ကျေးရွာအနီးမှာ မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီလောက်က အုတ်ရေကန်ပြိုကျပိမိလို့ ကလေးငယ် ၃ ဦး သေဆုံးသွားတယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။
ဂရင်းရဲထွဋ်ကုမ္ပဏီပိုင်ဝင်းအတွင်းရှိ အလျား ၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၆ ပေ ခန့်ရှိ အုတ်ရေကန် ရေထည့်နေစဉ် အောက်ခံမြေသားပျော့လို့ မြေကျွံပြီး အုတ်ရေကန်ပဲ့ကျခဲ့ရာမှာ အုတ်ရေကန်မှာ ရေချိုးနေတဲ့ ကသာမြို့နယ်၊ အင်းရွာကျေးရွာနေ ထွန်းလင်းအောင်(၁၁)နှစ်အပါအဝင် ယောကျ်ားလေး ၂ ဦးနဲ့ မိန်းကလေး ၁ ဦး စုစုပေါင်း ၃ ဦး ဦးခေါင်း၊ မျက်နှာပိပြားဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တာပါ။
ကလေးငယ်တွေ သေဆုံးမှုနဲ့ပတ်သက်ပြီး မြို့သစ်နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၁/၂၀၂၀)နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။