ငပုတောတွင် ငါးဖမ်းစက်လှေပေါ်မှ ပြုတ်ကျသဖြင့် ၄ ဦးသေဆုံး၊ ၁ ဦး ပျောက်ဆုံးနေ
DVB
·
May 25, 2020
ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ ငါးဖမ်းစက်လှေပေါ်မှ ပြုတ်ကျတာကြောင့် အမျိုးသား ၄ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်နေ မင်းကြည်လှိုင် (၄၆) နှစ်မောင်းနှင်ပြီး စောခူစေး (၄၃-နှစ်)ပါ ကျား ၁၉ ဦးလိုက်ပါလာတဲ့ “ကျော်ဇင်လှိုင်း” ငါးဖမ်းစက်လှေဟာ မေလ ၂၁ ရက်နေ့ မနက် ၄ နာရီခွဲလောက်က ငပုတောမြို့နယ်၊ ပန်းမှော်ကျေးရွာရဲ့ အနောက်ဘက် ရေမိုင် ၄ မိုင်ခန့်အကွာ အုန်းကျွန်းကြီးအနီးအရောက် ကျောက်ချရပ်နားစဉ် ရေလှိုင်းရိုက်ခတ်မှုကြောင့် စက်လှေမှာ ဝဲဘက်ခြမ်းကို တိမ်းစောင်းသွားခဲ့ပြီး စောခူစေးပါ ကျား ၅ ဦး စက်လှေပေါ်မှ ပြုတ်ကျသွားခဲ့တာကြောင့် လိုက်လံရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် မေ ၂၃ ရက်နေ့ ညနေ ၄ နာရီမှာ စောခူစေးပါ ၄ ဦးတို့အား ပြင်ပဒဏ်ရာမတွေ့ရှိဘဲ ရေနစ်သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
စောခူစေးပါ ၄ ဦး သေဆုံးမှုအား ငရုတ်ကောင်းနယ်မြေရဲစခန်း၊ သေမှုသေခင်းနဲ့ ရေးဖွင့်စစ်ဆေးနေပြီး ပျောက်ဆုံးနေသူ ပုသိမ်မြို့နယ်၊ သူတော်ကုန်းကျေးရွာနေသူ စောဘွဲ့မှူး (၂၅) နှစ်ကိုတော့ တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။