မောင်တောနှင့် ဘူးသီးတောင်တွင် မေ ၂၂ ရက်မှစ၍ လျှပ်စစ်မီးပြတ်တောက်နေ
DVB
·
May 24, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ မေ ၂၂ ရက်နေ့ မနက် ၉ နာရီကျော်ကနေ မေ ၂၄ ရက်နေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ပြည်သူတွေ အခက်အခဲ ဖြစ်နေကြပါတယ်။
ဘူးသီးတောင်မြို့နယ် စည်ပင်သာယာ တာဝန်ရှိသူတဦးက “အခုအချိန်က ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ လက်ဆေးဖို့ရေက အရေးကြီးတယ်။ အခုစျေးတွေမှာ လျှပ်စစ်မီးမရတဲ့အတွက် လက်ဆေးဖို့ ရေမပေးနိုင်ဖြစ်နေရတယ်” လို့ ပြောပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် ၂ ခုသာ လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်ပြီး ရသေ့တောင်မြို့နယ်မှာတော့ လျှပ်စစ်မီးရရှိတယ်လို့ သိရပါတယ်။
မောင်တောမြို့ခံတဦးက “လျှပ်စစ်မီးပြတ်နေတာကို အလေးအနက်ထားပြီ လာမလုပ်ကြတာပါ။ လျှပ်စစ်တာဝန်ရှိသူတွေ အလေးအနက်ထားလုပ်ရင် အများဆုံးကြာ ၂ ရက်ပေါ့ဗျာ။ အခုက ၃ ရက်နဲ့တောင် မီးပြန်မရနိုင်သေးဘူး။ ရာသီဥတုကပူ၊ မီးက မလာတော့ အတော်ဒုက္ခပါ” လို့ ပြောပါတယ်။
မေ ၂၁ ရက်နေ့က တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်အရှိန်ကြောင့် ရသေ့တောင်မြို့မှ ၁၀ မိုင်အကွာ ကျောက်တန်းကျေးရွာ နဲ့ ညောင်ပင်လှကျေးရွာကြားမှာ လျှပ်စစ်ကြိုးပြတ်တောက်နေတာလို့ မောင်တောခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းမိုးထက်က ပြောပါတယ်။
“မုန်တိုင်းကြောင့် လေပြင်းတွေ တိုက်ခတ်မှုဖြစ်ပွာပြီး လျှပ်စစ်ကြိုးပြတ်တောက်ခဲ့ရတာ ဖြစ်တယ်။ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာအနီးမှာ ပြတ်နေတာ။ မနေ့က စလုပ်ကြတယ်။ ပြတ်နေတာက ၄ နေရာဆိုတော့ အချိန်ကြန့်ကြာနေတာဖြစ်တယ်။ အမြန်ဆုံးရအောင်တော့ ပြုပြင်ရမှာပေါ့။ ဘယ်အချိန် ပြန်ရမယ်ဆိုတာ လုပ်ငန်းကြန့်ကြာမှုအပိုင်းကို ပြောမရဘူး” လို့ DVB ကို ပြောကြားပါတယ်။
ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ကလည်း တပ်မတော်နဲ့ အေအေတိုက်ပွဲအတွင်း လျှပ်စစ်မီးတိုင် ကျည်ထိမှန် ပျက်စီးသွားခဲ့တဲ့အတွက် ရက် ၂၀ ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သေးတယ်လို့ သိရပါတယ်။
လင်းလက်