Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်ညီမှ ပြန်ဖွင့်ခွင့်ပြုမည်
DVB
·
May 24, 2020
မကွေးတိုင်းအစိုးရက သတ်မှတ်စည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကိုသာ ပြန်ဖွင့်ခွင့်ပေးတော့မယ်လို့ ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။ မေ ၂၄ ရက် ဒီကနေ့ နေ့လယ်ပိုင်းက ချောက်မြို့ စည်ပင်သာယာရုံးခန်းမမှာ ချောက်မြို့နဲ့ စလေမြို့က စားသောက်ဆိုင်၊ ထမင်းဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ပိုင်ရှင် ၁၀၀ ခန့်နဲ့ ဆိုင်ပြန်ဖွင့်ခွင့် ရနိုင်ရေး၊ သတ်မှတ် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး ခေါ်ယူဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ “ဒီကနေ့မှာ စားသောက်ဆိုင်တွေကို ပြန်လည်ဖွင့်ဆိုတဲ့အချိန် ဖွင့်နိုင်အောင် စားသုံသူနဲ့ ရောင်းချသူ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ကြိုတင်ပြင်ဆင်နိုင်အောင် ခေါ်ပြီး ရှင်းပြပေးတာပါ။ ဖွင့်ခွင့်လည်းပေးတော့မှာပါ။”  သတ်မှတ်စည်းကမ်းချက်တွေကတော့ အပူချိန်တိုင်းတာ၊ Mask တပ်တာ၊ လက်ဆေး နေရာတွေ ထားရှိတာတို့ အပါအဝင် ရောင်းချသူ လိုက်နာဖို့ အချက် ၁၁ ချက်၊ ဆိုင်မှာ ပြင်ဆင်ထားဖို့ အချက် ၁၁ ချက်နဲ့ စားသုံးသူလိုက်နာဖို့ အချက် ၅ ချက်တို့ ပါဝင်ပါတယ်။ ချောက်မြို့ ပြည့်စုံ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဝင်းကျော်က “ကျနော်တို့လို ဆိုင်ကြီးတွေအတွက်ကတော့ ပြင်ဆင်ထားကြတယ်။ ဆိုင်လေးတွေအတွက်ကိုတော့ သူတို့နဲ့ ကိုက်ညီမယ့် စည်းမျဥ်းစည်းကမ်းလေးတွေကို လိုက်လျောညီထွေမှုလည်း ရှိအောင် သူတို့လည်း ဖြစ်နိုင်မယ့် အတိုင်းအတာ ဖြစ်အောင် လမ်းညွှန်ပေးနိုင်ရင် ပိုကောင်းမယ်။ ဒါမှသာလည်း သူတို့လည်း ဖွင့်ခွင့်ရမှာ။ ကျနော်တို့ ဖွင့်ခွင့်ရပြီး သူတို့ မဖွင့်ရရင်လည်း အဆင်မပြေဘူး။ ဘာလို့လဲဆိုရင် သူတို့က ပိုဆိုးတယ်” လို့ ပြောပါတယ်။ ချောက်မြို့နယ်အတွင်း စားသောက်ဆိုင်၊ ထမင်းဆိုင်နဲ့ လက်ဖက်ရည်ဆိုင် စတဲ့ ဆိုင်တွေကို မတ် ၂၆ ရက်နေ့ကစတင်ပြီး ပါဆယ်စနစ်နဲ့ ရောင်းချစေပြီးနောက်မှာ မိမိသဘောနဲ့ အချိန်ပိုင်းသာ ရောင်းပြီး ပိတ်သိမ်းထားတဲ့ ဆိုင်တွေလည်း ရှိခဲ့ပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024