ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့သူ ၁၂၁ ဦးရှိသဖြင့် သတိပြုနေထိုင်ရန် ကျန်းမာရေးဌာန သတိပေး
သူဇာလင်း
·
May 24, 2020
ကိုဗစ်-၁၉ လူနာ ၂၀၁ ယောက်ထဲမှာ ရောဂါလက္ခဏာမပြခဲ့သူ ပိုးတွေ့လူနာ ၁၂၁ ယောက်ရှိတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူက သတိပေးပါတယ်။
ရောဂါလက္ခဏာမပြဘဲ (Silent Carrier) ရောဂါပိုးသယ်ဆောင်သူဆိုတာကတော့ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုတာ၊ လည်ချောင်းနာတာ စတဲ့ ရောဂါလက္ခဏာတစုံတရာ မပြဘဲ ရောဂါပိုးကို သယ်ဆောင်ထားပြီး သာမန်လူကောင်းအတိုင်း သွားလာနေထိုင်သူတွေကို ဆိုလိုတာပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက “တချို့က (ရောဂါလက္ခဏာ) ၈ ရက်နဲ့ ပြတဲ့သူလည်း ရှိတယ်။ ၁၀ ရက်နဲ့ ပြတဲ့သူလည်း ရှိတယ်။ (ရောဂါလက္ခဏာမပြခင်) ၂ ရက်မတိုင်ခင်အချိန်မှာ လူအုပ်စုထဲ သွားတာ၊ လူကြားထဲသွားတာ၊ ဘတ်စ်ကားစီးတာဆိုရင် ဘေးနားကလူတွေက အကာအကွယ်ယူမထားဘူး၊ Mask တွေ တပ်မထားဘူး၊ နောက် သူကိုယ်တိုင်ကလည်း Mask တပ်မထားဘူးဆိုရင် ကူးနိုင်ခြေများတာပေါ့” လို့ ပြောပါတယ်။
သူတို့ဟာ ရောဂါပိုးကို သယ်ဆောင်ထားပြီး ရောဂါလက္ခဏာမပြခင် ၂ ရက်အလိုမှာတော့ သူတို့ဆီကနေ ရောဂါပိုး အများဆုံးထွက်တာကြောင့် အန္တရာယ်အမြင့်မားဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။
အဲဒီအချိန်မှာတော့ လူနာရဲ့ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်က ရောဂါပိုးထွက်တာကြောင့် ပြည်သူတွေအနေနဲ့ အပြင်သွားတိုင်း နှာခေါင်းစည်းဝတ်ဆင်ဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံက ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေမှာ ဖျားတာနဲ့ ချောင်းခြောက်ဆိုးတာကို အများဆုံးတွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နောက်ထပ် အဖြစ်များတဲ့ လက္ခဏာတွေကတော့ လည်ချောင်းနာတာ၊ နှာခေါင်းပိတ်တာ၊ နှာချေတာနဲ့ နှာစေး၊ မူးဝေအော့အန်တာနဲ့ ဝမ်းလျှောတာတို့ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ဖြစ်သူတွေမှာ ဖြစ်တတ်တဲ့ တခြားလက္ခဏာတွေကတော့ ကိုယ်လက်မအီမသာဖြစ်တာ၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေနာကျင်တာ၊ မောပန်းတာနဲ့ အနံ့အရသာ အာရုံခံစားမှုပျောက်တာတို့ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေက ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေအများဆုံး ဖြစ်နေတာပါ။ ဒါကြောင့် နယ်စပ်ဂိတ်တွေကနေ ပြည်လည် ဝင်ရောက်လာသူတွေကိုလည်း ကျန်းမာရေးစစ်ဆေးဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားထားတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစတွေ့တဲ့ ၂ လတာအတွင်း ပြည်တွင်းမှာ ကူးစက်ခံရသူက ၇၈ ရာခိုင်နှုန်းရှိပြီး ပြည်ကနေ ကူးစက်ခံရသူက ၂၂ ရာခိုင်နှုန်းရှိပါတယ်။
ရောဂါဖြစ်ပွားတဲ့သူတွေထဲမှာ ထက်ဝက်နီးပါးလောက်ဟာ ရန်ကုန်တိုင်းက ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကနေ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁၇၀၀၀ ကျော်လုပ်ထားပြီ ဖြစ်ပါတယ်။
မေ ၂၃ ရက်နေ့အထိ စာရင်းတွေအရတော့ ပြည်တွင်းမှာ ရောဂါ ကူးစက်ခံရသူ ၁၅၆ ယောက်၊ ပြည်ပပြန်လာပြီး ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သူ ၄၅ ယောက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ မေ ၂၄ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၁ ယောက်၊ သေဆုံးသူ ၆ ယောက်နဲ့၊ ရောဂါပိုး ကင်းစင်လာသူ ၁၂၀ ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။