ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်ဝင်လာသူ ၄၀ ကျော်၏ ဓာတ်ခွဲနမူနာ စစ်ဆေးမည်
DVB
·
May 24, 2020
COVID-19 ကူးစက်မြန်ရောဂါကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက် ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၄၀ ကျော် မေ ၂၃ ရက်နေ့ မနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်ကို ပြန်လည်ရောက်ရှိလာပါတယ်။
ရောက်ရှိလာတဲ့ နိုင်ငံသားတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကြိုဆိုကြပြီး ကိုယ်အပူချိန်တိုင်းတာ၊ နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်တာတွေ ပြုလုပ်ပြီး Quarantine Center တွေကို မော်တော်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက “လောလောဆယ်တော့ ၄၄ ဦးပေါ့နော်၊ လူကြီး ၄၂ ဦးနဲ့ ကလေး ၂ ဦးပဲ ရောက်ပါသေးတယ်။ ရောက်လာတဲ့အဖွဲ့တွေကို လက်ရှိ ပုလုံးတုံတုံးကျေးရွာ Quarantine Centerမှာ ရယ်၊ အေးရိပ်ငြိမ်ရပ်ကွက် ကြက်တောင် အားကစားရုံမှာရယ် အမျိုးသား၊ အမျိုးသမီး ခွဲထားပါတယ်။ ပြီးရင် သူတို့အားလုံးကို နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ် ယူပြီး စစ်ပါမယ်။ Negative ဖြစ်တယ်ဆိုမှ သက်ဆိုင်ရာဒေသအသီးသီးကို ပြန်ပို့ပေးမှာ” လို့ ပြောပါတယ်။
ပြန်ရောက်လာသူတဦးက “ကျမက ကလေးမွေးဖို့ ဒီကနေပြီး ၂၂ ရက်ကနေ ထွက်သွားတယ်၊ ၂၅ ရက်နေ့မှာ ကလေးမွေးတယ်။ ၂၇ ရက်နေ့ ဆေးရုံကနေဆင်းတော့ လမ်းပိတ်သွားပြီ၊ ပြန်လို့မရတော့ဘူး။ ဟိုဘက်မှာ ကျမ ယောင်းမရဲ့အစ်မအိမ် ရှိနေတော့ အကူအညီတောင်းပြီး နေနေရတယ်” လို့ ပြောပါတယ်။
တနင်္သာရီတိုင်း ကော့သောင်းနယ်စပ်ဂိတ်ကနေ ပြန်လာဖို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမား သံအရာရှိထံ စာရင်းပေးပို့ထားသူ ၆၇ ဦးထဲက ၄၄ ဦး ပြန်ဝင်လာတာလို့ သိရပါတယ်။
လတ်ကိုကိုဦး