မသုံးစွဲသင့်သည့် အလှကုန်ပစ္စည်း ၁၇ မျိုး အက်ဖ်ဒီအေ ထုတ်ပြန်
DVB
·
May 23, 2020
ဈေးကွက်ထဲမှာရောင်းချနေတဲ့ အသားဖြူခရင်မ်၊ နှုတ်ခမ်းနီ စတဲ့ အလှကုန်ပစ္စည်း ၁၇ မျိုးမှာ တားမြစ်ဓာတုပစ္စည်းတွေ ပါနေတာကြောင့် သုံးစွဲဖို့ မသင့်ဘူးလို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) က ထုတ်ပြန်ပါတယ်။
Mercury (ပြဒါး)၊ Hydroquinone (အသားအရေမှာသုံးတဲ့ ချွတ်ဆေး)၊ Rhodamine B (အရောင်ဆိုးဆေး) တို့ပါဝင်နေတာဖြစ်ပြီး မနေ့က ထုတ်ပြန်ကြေညာရာမှာတော့ နှုတ်ခမ်းနီက အများဆုံး ဖြစ်ပါတယ်။
ထိုင်းနိုင်ငံထုတ် အသားဖြူ ညလိမ်းခရင်မ်၊ ကိုရီးယားနိုင်ငံထုတ် ဝက်ခြံပျောက်ဆေး၊ ထိုင်းနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံထုတ် အသားဖြူခရင်မ်၊ မြန်မာနာမည်နဲ့ ဖော်ပြထားပြီး ထုတ်လုပ်သူနာမည် မပါတဲ့ တင်းတိတ်စနိုးနဲ့ ထုတ်လုပ်သူနဲ့ နိုင်ငံဖော်ပြမထားတဲ့ နှုတ်ခမ်းနီတို့ ဖြစ်ပါတယ်။
ဒါတွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အရေပြား ယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေ ဖြစ်တာ၊ ထုံကျင်စေတာ၊ ကြွက်သားတွေ တုန်ခါစေတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ စိတ်ကျရောဂါအပြင် ရေရှည်သုံးမယ်ဆိုရင် ကျောက်ကပ်ပျက်စီးတာနဲ့ တခြားရောဂါတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
အရောင်ဆိုးဆေးတွေကတော့ အဝတ်အထည်တွေ အရောင်ဆိုးရာမှာ သုံးတာဖြစ်လို့ ရေရှည်သုံးရင် နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အလှကုန်ပစ္စည်း တင်သွင်းရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ လက်လီအရောင်းဆိုင်တွေအနေနဲ့လည်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းမရှိတဲ့၊ အများပြည်သူသုံးစွဲဖို့ မသင့်ဘူးလို့ ကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူးရောင်းချတာ မလုပ်ဖို့၊ လုပ်ခဲ့တယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၃ အရ အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။