ချဲလ်ဆီးအသင်းတွင် ဆက်နေရန် မသေချာဟု ဝီလီယံ ဝန်ခံ

ဓာတ်ပုံ - ပီအေ
677
ရာသီကုန်အထိ အာရုံစိုက်ကစားမှာဖြစ်ပေမယ့် အသင်းမှာဆက်ရှိဖို့ မသေချာတဲ့အကြောင်း ချဲလ်ဆီး တောင်ပံကစားသမား ဝီလီယံက ဝန်ခံလိုက်ပါတယ်။
ဝီလီယံဟာ လာမယ့်ဇွန်လအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ကျန်ပွဲစဉ်တွေအတွက် ကာလတိုစာချုပ်တစ်ခု ချုပ်ဆိုမှာပါ။
ဒါပေမဲ့ လာမယ့်ရာသီအထိ ဆက်ရှိဖို့ကတော့ ပြောဖို့ခက်ခဲပြီး ဘာဖြစ်လာမလဲဆိုတာ သူကိုယ်တိုင် မသိရှိသေးဘူးလို့ ဝီလီယံက ပြောပါတယ်။
အသက် ၃၁ နှစ်ရှိ ဝီလီယံကို ချဲလ်ဆီးအသင်းက ၂ နှစ် သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် ဝီလီယံက ၃ နှစ် သက်တမ်းတိုးလိုတာကြောင့် အဆင်မပြေ ဖြစ်ခဲ့တာပါ။
ဝီလီယံဟာ အခုနှစ်ရာသီ ပြိုင်ပွဲစုံ ၃၇ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်း ၆ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပြီး နည်းပြလမ်းပတ်အတွက် အားထားရတဲ့ ကစားသမားတဦး ဖြစ်ခဲ့တာပါ။
စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ဝီလီယံကို လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။