မလေးရှားပြန် တီးတိန်မြို့က အမျိုးသား ၂ ဦးတွင် COVID-19 ရောဂါ တွေ့ရှိ
DVB
·
May 23, 2020
မေ ၂၂ ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယအသုတ်အဖြစ် ဒီနေ့မနက်ပိုင်း စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၃၇၄ ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂ ဦးတွေ့ရှိခဲ့ပါတယ်။
အဲဒီအတည်ပြုလူနာ အမျိုးသား ၂ ဦးဟာ မလေးရှားနိုင်ငံက ပြန်ရောက်လာတဲ့ ချင်းပြည်နယ် တီးတိန်မြို့ကဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် လူနာအမှတ် ၂၀၀ နဲ့ အသက် ၂၆ နှစ်အရွယ် လူနာအမှတ် ၂၀၁ တို့ ဖြစ်ပါတယ်။
သူတို့ ၂ ဦးဟာ မလေးရှားက ပြန်ရောက်လာပြီးနောက် ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသူတွေ ဖြစ်ပါတယ်။
ဒီနေ့မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၀၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေမှာ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၁၆ ဦးရှိပါတယ်။
မေ ၂၂ ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၆၁ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၇၉ ခု၊ စုစုပေါင်း ၇၄၀ ခု အား စစ်ဆေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။