Home
မြန်မာသတင်း
ကာကွယ်ရေး အသုံးစရိတ် ကျပ်သန်း ၂၂၇၀၀ လျှော့ချရန် အန်အယ်လ်ဒီအမတ် အဆိုတင်သွင်း
DVB
·
May 22, 2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်း ၂၂၇၀၀ ကို  လျှော့ချခွင့်ပြုပေးဖို့ အန်အယ်လ်ဒီပါက ဒေါက်တာမေဝင်းမြင့်က အဆိုတင်သွင်းလိုက်ပါတယ်။ မေလ ၂၂ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းရဲ့ မူနဲ့ အခြေခံသဘောအပါအဝင် ရငွေသုံးငွေတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး ကဆွေးနွေးခဲ့ကြတာပါ။ ကာကွယ်ရေးဝန်ကြီးဌာန သာမန်အသုံးစရိတ်ခေါင်းစဉ်ထဲက  အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာမေဝင်းမြင့်က "စစ်ထောက်ချုပ်ရုံး အမှတ်စဉ် ၁ ဓါတ်ဆီ၊  စက်ဆီတောင်းခံရာမှာ အရမ်းများနေသည့်အတွက် ယခုအခါမှာ ဓါတ်ဆီဈေးကလည်း ကျဆင်းနေသည့်အတွက် ဓါတ်ဆီတောင်းခံသည့်ငွေမှ သန်းပေါင်း တစ်သောင်းတိတိ လျှော့ချခွင့်ပြုပါရန် အဆိုတင်သွင်းအပ်ပါတယ်။ စာမျက်နှာ ၃၅ စဉ် ၂  အမှုထမ်း ပို့ဆောင်ရေး ကျန် ၇ လအတွက် တောင်းခံထားသည်မှာ မူလလျာထားချက်ထက် ၂၁၉၉၅ ဒသမ ၆၂၂ သန်း ပိုမိုတောင်းခံထားသည်ကိုတွေ့ရသည့်အတွက် အဆိုပါအသုံးစရိတ်ထဲမှ ကျပ်သန်းပေါင်း တစ် သောင်းတိတိလျှော့ချခွင့်ပြုသင့်ပါကြောင်း အဆိုတင်သွင်းအပ်ပါတယ် " လို့ ပြောပါတယ်။ ဒါ့အပြင် ဒီနှစ်ရဲ့ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုတွေထဲမှာ တပ်မြို့စည်ပင်သာယာရေးအဖွဲ့တွေ အတွက် နောက်ထပ်လိုအပ်ငွေတွေတောင်းခံမှုလည်း ပါဝင်လာပါတယ်။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့တွေရဲ့ အသုံးစရိတ်ကို နှစ်စဉ် အခွန်အကောက်ရငွေတွေနဲ့သာ သုံးစွဲခဲ့ပေမယ့် ဒီနှစ်မှတော့ ထပ်မံလိုအပ်ငွေအနေနဲ့ ဖြည့်စွက်ခွင့်ပြု ငွေထဲက တောင်းခံလာတာလည်း ဖြစ်ပါတယ်။ တပ်မြို့ စည်ပင်သာယာရေးအဖွဲ့အတွက် ထပ်မံလိုအပ်ငွေ ကျပ်သန်း ၈၂ ဒသမ ၇၂၀ တောင်းခံတာနဲ့ ပတ်သက်ပြီး မရမ်းကုန်းမဲဆန္ဒနယ်က ဒေါက်တာမေဝင်းမြင့်က  " တပ်မြို့စည်ပင်သာယာရေးအဖွဲ့များအား တာဝန်ခံအဖြစ် နိုင်ငံတော်သမ္မတသို့မဟုတ် နိုင်ငံတော်သမ္မတက တာဝန်ပေးသူဟူ၍ ဖော်ပြထားတာကို တွေ့ရပါတယ်။ ကျမအနေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်ထဲက ပူးပေါင်းအဖွဲ့နဲ့ပါ နှစ်စဉ် ကာကွယ်ရေးဘတ်ဂျက်ကို စိစစ်ခဲ့ရာ အခုနှစ်ကဲ့သို့ ဥပဒေကြမ်းတွင်ဖော်ပြထားခဲ့သလို မတွေ့ရှိခဲ့ရဖူးပါ။ ဒါ့ကြောင့်မို့လို့ ကျမအနေနဲ့ သိရှိလိုတာက တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ရဲ့ အသုံးစရိတ်ကို မည်သူက၊ မည်သည့်ဝန်ကြီးဌာနက တာဝန်ခံမည်ဆိုတာကို ရှင်းရှင်းလင်းလင်း သိလို ခြင်းဖြစ်ပါတယ် " လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရာမှာ ပြည်ထောင်စုဌာနအဖွဲ့ အစည်းအလိုက် စုစုပေါင်း ကျပ်၂၆၆၀ ဒသမ ၉၈၇ ဘီလီယံတောင်းခံထားရာမှာ ကာကွယ်ရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်မှာ မူလလျာထားချက်ထက် ကျပ်သန်းပေါင်း ၆ သောင်းကျော်ပိုမိုတောင်းခံထားသလို ငွေလုံးငွေရင်းမှာလည်း မူလလျာထားချက်ထက် ကျပ်သန်းပေါင်း ၁ သိန်းကျော်ပိုမိုတောင်းခံထားတာဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း နဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာအပါအဝင် ကိုယ်စားလှယ်များရဲ့ဆွေးနွေးချက်အပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဆွေးနွေးခြင်းကို မေလ ၂၇ ရက်မှာ ပြုလုပ်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားထားပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024