သူနာပြုတက္ကသိုလ်ပြိုကျမှု စုံစမ်းစစ်ဆေးရေးအဖွဲ့က ရန်ကုန်တိုင်းအစိုးရထံ တင်ပြမည်
နေလင်းအောင်
·
May 22, 2020
သူနာပြုတက္ကသိုလ် (ရန်ကုန်)ရဲ့ လေးထပ်ဆောင်ပြိုကျခဲ့တဲ့ အခြေအနေနဲ့ ပြန်လည်ပြင်ဆင်ရမယ့်အပိုင်းတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့က သက်ဆိုင်ရာဌာနတွေကို တင်ပြသွားဖို့ ရှိနေပါတယ်။
လမ်းမတော်မြို့နယ်မှာရှိတဲ့ သူနာပြုတက္ကသိုလ်လေးထပ်ဆောင်ဟာဆို ပြီးခဲ့တဲ့သီတင်းပတ် မေလ ၁၇ ရက်နေ့က ပြိုကျခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလိုပြိုကျခဲ့တဲ့အခြေအနေနဲ့ပတ်သတ်ပြီး မေလ ၁၈ ရက်နေ့က မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခဲ့ပါတယ်။
ဒီအဖွဲ့အနေနဲ့ လတ်တလော စုံစမ်းသိရှိထားတာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနသုံးခုကို ပို့ဆောင်သွားမယ်လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောပါတယ်။
လက်တလော ပြိုကျပျက်စီးခဲ့တဲ့အခြေအနေနဲ့ပတ်သတ်ပြီး စုံးစမ်းစစ်ဆေးရေးအဖွဲ့က အဆင့်သုံးဆင့်နဲ့ လုပ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။
ကျောင်းဆောင်ပြိုကျခဲ့တဲ့အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှုအနည်းအများကို ကြည့်ပြီး ပြန်လည်ပြင်ဆင်သင့်လား အသစ်ဆောက်သင့်လားဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ စုံးစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးစောထွေးဇော်က ပြောပါတယ်။
သူနာပြုတက္ကသိုလ်ကျောင်းဆောင် ပြိုကျခဲ့ချိန်မှာ လေးထပ်ဆောင်ရဲ့အပေါ်ဆုံးထပ်နဲ့ ဆင်ဝင်ပေါက်တို့မှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး ကျောင်းပိတ်ထားချိန်ဖြစ်လို့ ကျောင်းသူ ကျောင်းသားတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။
ပြိုကျခဲတဲ့ အဆောက်အအုံထဲမှာ တန်းဖိုးကြီးတဲ့ သင်ထောက်ကူပစ္စည်းတွေရှိနေသေး တဲ့အတွက် တခြားတစ်နေရာကို ရွှေ့ပြောင်းထားနိုင်ဖို့ ပြင်ဆင်နေတဲ့အပိုင်းတွေ ရှိနေတယ်လို့ လမ်းမတော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ပြိုကျခဲ့တဲ့ သူနာပြုတက္ကသိုလ်ဟာ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက် ၂၀၁၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ဒေါက်တာ ဖေသက်ခင်ကဖွင့်လှစ်ခဲ့တာပါ။
သက်တမ်းအားဖြင့် ၇ နှစ်သာရှိသေးတဲ့ တက္ကသိုလ်ကျောင်းဆောင်ကြီး သူ့အလိုလို ပြိုကျ ပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ်။