Home
မြန်မာသတင်း
အဂတိလိုက်စားမှုဖြင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်
DVB
·
May 22, 2020
အဂတိလိုက်စားမှုတွေနဲ့အမှုဖွင့်ခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို တိုင်းဒေသကြီးတရားရုံးက မေ ၂၂ ရက်နေ့မှာ ထောင်ဒဏ်နှစ် ၃၀ ချမှတ်လိုက်ပါတယ်။  သူနဲ့အတူ တရားစွဲဆိုခံထားရတဲ့ GGS ကုမ္ပဏီက တာဝန်ရှိသူ မန်နေးဂျင်းဒါရိုက်တာ ၂ ဦးကို ၁၀ နှစ်စီချမှတ်ခဲ့ကာ မန်နေဂျာ ဦးသူရအုံကိုတော့ ၅ နှစ်ချမှတ်ခဲ့ပါတယ်။  တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင် ဒေါက်တာလဲ့လဲ့မော်ကို GGS ကုမ္ပဏီက လာဘ်ပေးလာဘ်ယူ ပြုလုပ်ခဲ့တာကြောင့် စွဲဆိုခဲ့တဲ့ အမှုနှစ်မှုအတွက် ထောင်ဒဏ် ၁၀ စီချမှတ်ခဲ့ပေမယ့် တစ်ပေါင်းတည်းကျခံဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။  ကျန်တဲ့အမှု နှစ်ခုဖြစ်တဲ့ လမ်းဦးစီးကို ဘဏ္ဍာငွေ တလုံးတခဲတည်းချပေးပြီး သူရဲ့ ခင်ပွန်းပိုင်တဲ့ ခြံကို  ခြံစည်းရိုးကာရံဖို့စေခိုင်းခဲ့တဲ့အမှုအပြင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ထားဝယ် လေယာဉ်ကွင်း ချုံရှင်းဖို့ ပြုလုပ်ခဲ့တဲ့နေရာမှာ အဂတိလိုက်စားတယ်ဆိုပြီး စွဲဆိုခဲ့တဲ့ အမှုနှစ်ခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ သီးခြားကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိ လိုက်စားမှုတွေနဲ့ ၂၀၁၉ ခုနှစ် မတ် ၁၀ ရက်နေ့မှာ အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ များပြားလွန်းတယ်လို့ အန်အယ်လ်ဒီရဲ့ နာယက တဦးဖြစ်သူ ဦးဝင်းထိန်က ပြောပါတယ်။   ဝန်ကြီးချုပ်တွေ အကုန်နီးပါးကို သူက ရွေးချယ်ပေးခဲ့ရတာ ဖြစ်ပြီး ဒေါ်လဲ့လဲ့မော်ဟာလည်း သူရွေးချယ်ပေးခဲတဲ့ ဝန်ကြီးချုပ်တဦး ဖြစ်တဲ့အတွက် စိတ်မကောင်းတာကလွဲပြီး ဘာမှမတတ်နိုင်ဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။  ပြစ်ဒဏ်ဟာ များပြားလွန်းပြီး ဖိအားကြောင့် ဖြစ်နိုင်တယ်လို့ အန်အယ်လ်ဒီ နာယက တဦး ဖြစ်သူ ဦးဝင်းထိန်က ပြောဆိုခဲ့ပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024