နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များ နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရ
DVB
·
May 1, 2013
မြန်မာနိုင်ငံက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီး တချို့ဟာ ဧပြီ ၃၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆုပေးပွဲမှာ ဆုချီးမြှင့်ခြင်းခံကြရကြောင်း အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကမ္ဘောဇဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ မက်စ်မြန်မာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အေစီအီး ဆောက်လုပ်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးဇော်မိုးဝင်းတို့က အခွန်အများဆုံး ဆောင်တဲ့ဆု၊ ဧဒင်ဂရုဖ် ကုမ္ပဏီပိုင်ရှင်လည်းဖြစ်၊ ဂိုးလ်ဒင်းဒယ်လ်တာ ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်တဲ့ ဦးချစ်ခိုင်က အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆု၊ ပင်လယ်ကိုးသွယ် ကုမ္ပဏီပိုင်ရှင် ဦးအောင်သန်းဦးက စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဆု အသီးသီး ရခဲ့ကြပါတယ်။
အခွန်အများဆုံး ပေးဆောင်သူဆု ရွေးချယ်တဲ့နေရာမှာ နာမည်ပျက် မရှိသူ၊ အကျင့်စာရိတ္တ ပျက်ပြားစေတဲ့ ကုန်စည် ထုတ်လုပ်ရောင်းချခြင်း မရှိသူတွေကို ရွေးချယ်ခဲ့တယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌနာ ပြည်ထောင်စုဒုဝန်ကြီး ဦးလင်းအောင်က ရှင်းပြပါတယ်။