ကျောက်ဖြူခရိုင်က မလေးရှားပြန် သံယလူနာ ၅ ဦးတွင် COVID-19 ပိုးမတွေ့
DVB
·
May 21, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မှာ မလေးရှားပြန်သံသယလူနာ ၅ ဦး အပါအဝင် စုစုပေါင်း ၂၀ ဦးမှာ COVID-19 ရောဂါပိုးမတွေ့ရှိရဘူးလို့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က ဒီဗွီဘီကို ပြောပါတယ်။
မလေးရှားနိုင်ငံကပြန်လာတဲ့ ကျောက်ဖြူမြို့နယ်က သံယလူနာ ၃ ဦးနဲ့ ရမ်းဗြဲမြို့နယ်မှ ၂ ဦးအပါအဝင် quarantine ထားရှိသူ ၂၀ ဦးတို့ရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်ကို ပို့ဆောင်စစ်ဆေးတဲ့အခါမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ အဖြေထွက်ရှိတာဖြစ်ပါတယ်။
ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က “သူတို့ကိုစစ်ဆေးတဲ့အခါမှာ အကုန်လုံး(Negative) ပါပဲ။ ပထမနေ့က တချို့တဝက်အဖြေထွက်တာပေါ့၊ မနေ့က ကျန်တဲ့ဟာတွေထွက်တာပေါ့။ အကုန်လုံး (Negative) ပါပဲ။ သူတို့ကို ပြန်စစ်ရအုန်းမှာပါ၊ သူတို့ Quarantine ထွက်ခါနီး ၃ ရက်ကနေ ၅ ရက်အလိုမှာ နောက်တစ်ခေါက်ပြန်စစ်ရမှာပါ”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မေလ ၁၁ ရက်က မလေးရှားနိုင်ငံက ပြန်လာသူ ၉၇ ဦးရှိတဲ့အထဲမှာ သံတွဲမြို့နယ်က တစ်ဦးနဲ့ တောင်ကုတ်မြို့နယ်က တစ်ဦးမှာ COVID-19 ရောဂါကူးစက်ခံရတာ ဓာတ်ခွဲစမ်းသပ် စစ်ဆေး တွေ့ရှိထားပါတယ်။
သတင်း- နောင်နောင်