ထိုင်းတွင် COVID-19 အရေးပေါ်အခြေအနေ နောက်ထပ် ၁ လတိုးမြှင့်ရန် ဆုံးဖြတ် 

ထိုင်းနိုင်ငံမှာ COVID-19  ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အရေးပေါ် အခြေအနေ  ထုတ်ပြန်ချက်ကာလကို လာမယ့် ဇွန် ၁ ရက်မှ  ၃၀ ရက်အထိ  ၁ လ တိုးမြှင့်ဖို့  ထိုင်းအမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ COVID-19 အရေးပေါ်အခြေအနေ ပြန်လည်သုံးသပ်ခြင်း အစည်း အဝေးတစ်ရပ်ကို ဒီကနေ့မနက်က အစိုးရအိမ်တော်မှာကျင်းပခဲ့ပြီး အရေးပေါ်အခြေအနေကာလတိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာလို့   bangkokbiznews  သတင်းမှာဖော်ပြပါတယ်။  ထိုင်းနိုင်ငံမှာ COVID-19  ကပ်ရောဂါကူးစက်လာတဲ့နောက် ကာကွယ်ထိန်း ချုပ်နိုင်ဖို့ အစိုးရက ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်မှ မေလ ၃၁ ရက်အထိ အရေးပေါ်အခြေအနေ ကြေညာပြီး ကန့်သတ်မှုတွေ ပြုခဲ့ပါတယ်။ အဆိုပါ ကန့်သတ်မှုတွေကြောင့် ကူးစက်မှုအခြေအနေလျော့နည်းလာပေမယ့် စိတ်ချလို့မရ သေးဘဲ တစ်ကျော့ပြန်ကူးစက်မှု ထပ်ပြီးမဖြစ်ဖို့နဲ့ ဘာမဆိုသတိထားပြီး ဆောင်ရွက်နေရဦးမှာမို့  အရေးပေါ်အခြေအနေနဲ့ ထိန်းချုပ်မှုကာလကို  ဇွန်လ  ၃၀ ရက်တိုးမြှင့်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့တယ်လို့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ဆုမ်ဆဒ် ရုန့်ဆီဒါးက သတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါဆုံးဖြတ်ချက်ကို  ထိုင်းနိုင်ငံ COVID-19 ကူးစက်မှုအခြေအနေ စီမံကွပ်ကဲ ရေးဗဟိုအဖွဲ့  ( CCSA ) ထံ တင်ပြမှာဖြစ်ပြီး သဘောတူတယ်ဆိုရင် လာမယ့် အပတ် အင်္ဂါနေ့ ဝန်ကြီးများအဖွဲ့အစည်းအဝေးက အတည်ပြုမှာဖြစ်တယ်လို့ ဗိုလ်ချုပ် ဆုမ်ဆဒ်က ပြောပါတယ်။  အခုလို အရေးပေါ်ကာလ တိုးမြှင့်တာဟာ နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ကြောင်း၊ ညမထွက်ရ ကာဖျူးအမိန့်ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့လည်း ဆက်လက်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။  ထိုင်းမှာ ဒီကနေ့ COVID-19 ကူးစက်ခံရသူ လူနာအသစ် ၃ ဦး တွေ့ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ ၃၀၃၇ ဦးရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီထဲက သက်သာပျောက်ကင်းသူ ၂၈၉၇ ဦး သေဆုံသူ ၅၆ ဦး ရှိပြီး ဆေးရုံမှာ တက်ရောက်ကုသနေရသူ ၈၄ ဦးသာ ကျန်ရှိပါတယ်။ ဒီကနေ့ တွေ့ရှိတဲ့ လူနာသစ် ၃ ဦးကတော့ ဘန်ကောက်က အသက် ၇၂ ရွယ် ထိုင်း အမျိုးသား ၁ ဦး ၊ အသက် ၄၂ နှစ်ရွယ် ဂျာမနီ နိုင်ငံသား ၁ ဦး နဲ့ quarantine ဝင်နေသူ အသက် ၂၅ နှစ်ရွယ် နိုင်ငံခြားပြန် ထိုင်းကျောင်းသူ ၁ ဦးတို့ ဖြစ်တယ်လို့ CCSA  အဖွဲ့က ထုတ်ပြန်ပါတယ်။ ကိုးကား-  bangkokbiznews 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up