COVID-19 အရေးပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် တရုတ်သမ္မတတို့ ဆက်သွယ်ဆွေးနွေး
DVB
·
May 21, 2020
COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကြိုးပမ်းရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ မေလ ၂၀ ရက် ညနေ ၆ နာရီ ကျော်လောက်က စကားပြောကြေးနန်းနဲ့ ဆက်သွယ်ဆွေးနွေးတယ်လို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။
ဆက်သွယ်ပြောကြားရာမှာ တရုတ်နိုင်ငံအနေနဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ချီးကျူးဖွယ်ရာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အခြေအနေ၊ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကြိုးပမ်းရာမှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးပစ္စည်းတွေနဲ့ ကူညီပံ့ပိုးမှုတွေ ဆက်လက်တိုးမြှင့်ပေးအပ်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ရေး ကိစ္စ၊ မြန်မာ-တရုတ်နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်တဲ့ ၂၀၂၀ ပြည့်နှစ်မှာ အထိမ်းအမှတ် အခမ်းအနားတွေကို COVID-19 အခြေအနေတည်ငြိမ်တဲ့အခါ ကျင်းပဖို့ကိစ္စနဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ COVID-19 ထိန်းချုပ်ရေးနဲ့ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ လည်းဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာမှာ နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ကိစ္စ၊ မြန်မာ-တရုတ်စီးပွားရေး စင်္ကြံအောက်မှ စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ကိစ္စနဲ့ COVID-19 ကပ်ရောဂါအခြေအနေ တည်ငြိမ်တဲ့အခါ နှစ်နိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်လည်ပတ်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း သမ္မတရုံးက ထုတ်ပြန်ပါတယ်။