မလေးရှားတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ရန်ကုန်ကို ပြန်လည်ရောက်ရှိ
DVB
·
May 21, 2020
မလေးရှားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံသို့ မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားလို့ မလေးရှားမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့ ဒုတိယအသုတ်အဖြစ် ပြန်လည် ခေါ်ဆောင်ခဲ့ရာ မေလ ၂၀ ရက်ညနေက ရန်ကုန်လေဆိပ်ကို ပြန်ရောက်တယ်လို့ ဆိုပါတယ်။
ပြန်ရောက်လာသူတွေကို ရန်ကုန်မြို့ရှိ သီးခြားသတ်မှတ်ပေးထားတဲ့နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်တွေမှာ ၂၁ ရက်တာ အသွားအလာ ကန့်သတ်ထားရှိမှာဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံနဲ့ ယူအေအီးနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူ တချို့မှာ COVID-19 ရောဂါပိုး အတည်ပြုလူနာတွေ ဆက်တိုက်တွေ့ရှိနေတာဖြစ်ပါတယ်။
ဓာတ်ပုံ- MOFA